ရန်ကုန် ၄ မေ
မြန်မာ့လက်ရွေးစင် ဘောလုံးသမားများဖြစ်သည့် ကျော်မင်းဦး အပါအဝင် မျိုးကိုထွန်းနှင့် ဇေယျာနိုင်တို့သည် ထိုင်းနိုင်ငံ၌ ဆေးကုသမှုခံယူရန် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ယင်းကစားသမားသုံးဦးသည် ဒဏ်ရာကြောင့် အနားယူနေရသူများဖြစ်ပြီး ဧရာဝတီဖောင်ဒေးရှင်းက ဒဏ်ရာပျောက်ကင်းသည်အထိ တာဝန်ယူကုသပေးမည်ဖြစ်သည်။ ကျော်မင်းဦးသည် ၂၀၁၆ နှစ်ဆန်းပိုင်းတွင် ရရှိသည့် ဒူးဒဏ်ရာကြောင့် စတင်အနားယူခဲ့ရပြီး ယင်းနောက်ပိုင်းတွင် ပွဲအနည်းငယ်သာ ကစားနိုင်ခဲ့ပြီး ဒဏ်ရာအခြေအနေမှာ ပိုမိုဆိုးရွားလာပြီး ဒူးနှစ်ဖက်စလုံး ဒဏ်ရာရခဲ့သောကြောင့် မတ်လတွင် ကစားသမားဘဝမှ အနားယူကာ နေရပ်သို့ပြန်သွားခြင်းဖြစ်သည်။
သို့သော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကစားသမားကောင်းတစ်ဦး မဆုံးရှုံးစေရန်အတွက် ဘောလုံးပြန်ကစားရန် ဆွေးနွေးခဲ့ရာ ကျော်မင်းဦးအနေဖြင့် ဒဏ်ရာပြန်လည်ကုသရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။အလားတူ ဇေယျာနိုင်သည် ဖေဖော်ဝါရီက ကျင်းပသည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် ဒူးဒဏ်ရာရခဲ့ပြီး မျိုးကိုထွန်းမှာလည်း ဒဏ်ရာပြဿနာများကြောင့် လက်ရွေးစင်အသင်းတွင် ပါဝင်နိုင်ခြင်းမရှိသလို ကလပ်အသင်းတွင်လည်း ကစားခွင့်ရရန် ရုန်းကန်နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဧရာဝတီဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ယင်းကစားသမားသုံးဦးစလုံးကို ကုသပေးခြင်းဖြစ်သည်။
ယင်းကစားသမားသုံးဦးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒေါက်တာကျော်သန့်ဇင်နှင့်အတူ ထွက်ခွာသွားပြီး ထိုင်းနိုင်ငံ၌ ဆေးစစ်မှုများ ပြုလုပ်မည်ဖြစ်ကာ စစ်ဆေးပြီးမှသာ လိုအပ်သည့်ကုသမှုများ ပြုလုပ်မည်ဖြစ်သည်။
ရဲရင့်ရှိုင်း