နေပြည်တော် ၄ မေ
မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၄၈/၂၀၁၉)မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ည ၇ နာရီတွင် ထုတ်ပြန်သည့် ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ် (Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့(Dhaka)၏ မြောက်ဘက် မိုင် (၇၀) ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ မဂ္ဂါလေရာပြည်နယ် (Meghalaya) တို့ ပေါ်တွင်တည်ရှိနေသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက် ရှိသည်။
အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက်(၆)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့နိုင်ပြီး၊ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည် ဟု ခန့်မှန်းရသည်။
မုန်တိုင်းငယ် (Depression) ၏အရှိန်ကြောင့် မေ ၄ ရက်မှ မေ ၅ ရက်အတွင်း ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်သည်။အဆိုပါ မုန်တိုင်းငယ် (Depression) ၏အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြုထားသည်။
MDN