မကွေး ၄ မေ
ယနေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က မကွေး-တောင်တွင်းကြီး ကားလမ်းရှိ မကွေးတိုးဂိတ်အနီး မိုင်တိုင်အမှတ် (၃၂၄/၅) တွင် ရန်ကုန်မှ မင်းဘူးသို့ ယာဉ်မောင်း ဦးစောဇင်ကို (ဘ) ဦးဝင်းမြင့်၊ (၂၅) နှစ် မောင်းနှင်၍ ယာဉ်နောက်လိုက် ကိုထွန်းလင်းပိုင် (ဘ) ဦးသက်ပိုင်၊ (၁၈) နှစ် လိုက်ပါသော 9/ ------(၁၈)ဘီး ကွန်တိန်နာတင် တွဲယာဉ်သည် အချိန်ကြာမြင့်စွာ မောင်းနှင်လာပြီး ရှေ့ဘီးဘရိတ်ရှူး ငြိရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ မကွေးခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထိုက်စိုး ဦးစီးကာ မီးသတ်တပ်ဖွဲ့ဝင် (၁၁)ဦး၊ အရန်(၁၀)ဦး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီးနှင့် ကရုဏာရှင် နာရေးကူညီမှုအသင်းမှ ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း (၄)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၁၀ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ကွန်တိန်နာတင် တွဲယာဉ်၏ ခေါင်းခန်းနှင့်ရှေ့တာယာများ မီးလောင်ကျွမ်းခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက်သေဆုံးခြင်း မရှိကြောင်းနှင့် ယာဉ်မောင်း ဦးစောဇင်ကိုအား မကွေးနယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)