၅ မေ

အိန္ဒိယနိုင်ငံ ဘူဘန်နေ့ရှ်ဝါမြို့မှာ လေကြောင်းခရီးစဉ်တွေအားလုံးကို ဖျက်သိမ်းထားပါတယ်။ မီးရထားခရီးစဉ်တွေလည်း ရပ်နားထားပါတယ်။ အကြောင်းကတော့ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးလို့ သတ်မှတ်ရမယ့် မုန်တိုင်းဟာ အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ ဩရိဿပြည်နယ်ကို ဝင်ရောက်တိုက်ခတ်လာလို့ပါပဲ။ အဲဒီပြည်နယ်မှာ သန်းပေါင်းများစွာသော ဒေသခံပြည်သူတွေဟာ ကမ်းရိုးတန်းဒေသမှာ နေထိုင်ကြပါတယ်။

မုန်တိုင်းဒဏ်ကာကွယ်ရေးလုပ်ဆောင်

ဩရိဿမှာရှိတဲ့ အစိုးရအာဏာပိုင်တွေက မုန်တိုင်းဒဏ်ကာကွယ်ရေး အစွမ်းကုန်လုပ်ဆောင်ခဲ့ကြပါတယ်။ မုန်တိုင်းသတင်းအသိပေးဖို့ လုပ်ဆောင်ခဲ့ပြီး သူတို့မှာရှိသမျှ လူအင်အားကိုလည်း ချထားခဲ့ပါတယ်။ လူဦးရေပေါင်း ၂ ဒသမ ၆သန်းဆီ စာတိုပေးပို့ပြီး သတိပေးမှုတွေ လုပ်ဆောင်ခဲ့သလို စေတနာ့ဝန်ထမ်းကူညီမယ့်သူကတော့ လူပေါင်း ၄၃၀ဝ၀ ခန့်ရှိပါတယ်။ အရေးပေါ်လုပ်သားကတော့ ၁၀ဝ၀ နီးပါးခန့်ရှိပါတယ်။

ခိုလှုံရာဆီသွားကြစို့

ရုပ်မြင်သံကြားကနေသော်လည်းကောင်း၊ ဘတ်စ်ကား ပေါ်မှာသော်လည်းကောင်း၊ ကမ်းရိုးတန်းမှာ သတိပေးမှု ထုတ်ပြန်ရာမှာသော်လည်းကောင်း၊ လူထုစုဝေးတဲ့နေရာတွေမှာသော်လည်းကောင်း တူညီတဲ့သတင်းတစ်ခုကိုပဲ ဒေသသုံးဘာသာစကားနဲ့ အသိပေးခဲ့ပါတယ်။ အဲဒါကတော့ “မုန်တိုင်းလာနေပြီ၊ ခိုလှုံရာဆီသွားကြစို့” ဆိုတာပါပဲ။ဒါဟာ အများကြီးအလုပ်ဖြစ်ခဲ့ပါတယ်။ သောကြာနေ့နံနက်ပိ်ုင်းမှာပဲ မုန်တိုင်းဖန်နီဟာ ဩရိဿကို ဝင်ရောက်ခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့တာဖြစ်ပြီး လေတိုက်နှုန်းကတော့ တစ်နာရီကို မိုင် ၁၂၀ နှုန်းရှိပါတယ်။ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်ကုန်ပြီး ကမ်းခြေက အပန်းဖြေ ခိုလှုံရာအိမ်တွေလည်း လဲပြိုကုန်ပါတယ်။

ကြိုတင်သတိပေးမှုအောင်မြင်

ဒါပေမယ့် စနေနေ့နံနက်ပိုင်းကို ရောက်တဲ့အခါမှာတော့ ကြီးမားတဲ့ အပျက်အစီးတွေကို ရှောင်လွှဲနိုင်တာကို တွေ့ရပါတယ်။ ပျက်စီးဆုံးရှုံးမှုစာရင်းကို အတိအကျမသိရသေးပေမယ့် သေဆုံးသူစာရင်းကတော့ အနည်းငယ်သာရှိပါတယ်။ ဒါဆိုရင် မုန်တိုင်းမဝင်မီ ကြိုတင်သတိပေးထားမှုတွေဟာ အောင်မြင်တယ်လို့ဆိုရမှာပါ။ အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲတဲ့ ပြည်နယ်တစ်ခုဟာ ဒီလိုမျိုးလုပ်ဆောင်နိုင်တာဟာဆိုရင် မှတ်သားလောက်ဖွယ်အောင်မြင်မှုတစ်ခုလို့ ကျွမ်းကျင်သူတွေ ကပြောပါတယ်။ အတိတ်ကာလက ဝမ်းနည်းဖွယ်ရာအဖြစ် အပျက်တွေကို သင်ခန်းစာယူပြီး သန်းနဲ့ချီတဲ့ပြည်သူတွေကို ဘေးလွတ်ရာသို့ လျင်လျင်မြန်မြန်ရွှေ့ပြောင်းပေးနိုင်ခဲ့လို့ပါပဲ။ အောင်မြင်မှုကြီးပဲလို့ ပင်လယ်ရေကြောင်းမူဝါဒဆိုင်ရာ သုတေသနပြုရေးဖောင်ဒေးရှင်းက အကြီးအကဲ အဘတ်ဟီ ဂျက်ဆင်းက ပြောပါတယ်။

ဆုံးရှုံးမှုကြီးတွေက ရှောင်ရှားနိုင်

မုန်တိုင်းဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကိုလည်း ဝင်ခဲ့ပါတယ်။ လူဦးရေတစ်သန်းကျော်ကို မုန်တိ်ုင်းဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့တဲ့အတွက် ဆုံးရှုံးမှုကြီးတွေကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။ အခုအခြေအနေတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ က အခြေအနေတွေနဲ့ တခြားစီဖြစ်သွားပါပြီ။အရင်တုန်းကလည်း မုန်တိုင်းတွေ ဒီဒေသတွေကို ဝင်ခဲ့ဖူးပြီး ကျေးရွာပေါင်းများစွာ ပျက်စီးခဲ့ရသလို လူထောင်ပေါင်း များစွာ သေကျေပျက်စီးခဲ့ရပါတယ်။ လူပေါင်းများစွာတို့ဟာ ရေကြီးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီထက်ပိုဆိုးတာက နေထိုင် ရာဒေသနဲ့ မိုင်ပေါင်းများစွာဝေးကွာတဲ့နေရာမှာ အလောင်းတွေကို ပြန်တွေ့ရတာပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ ဩရိဿပြည်နယ်က အာဏာပိုင်တွေဟာ ဒီလိုအဖြစ်ဆိုးမျိုး နောက်ထပ်မကြုံတော့အောင် ကြိုးစားခဲ့ကြပါတယ်။

ပထမဦးဆုံးခြေလှမ်းစတင်

၁၉၉၉ ခုနှစ်က မုန်တိုင်းဒဏ်ခံရပြီးတဲ့နောက်မှာတော့ ပထမဆုံးခြေလှမ်းကို စတင်ခဲ့ပါတယ်။ ရာနဲ့ချီတဲ့ မုန်တိုင်း ဒဏ်ခိုလှုံရာအဆောက်အအုံတွေကို တည်ဆောက်ခဲ့ပါတယ်။ပင်လယ်ကမ်းခြေကနေ မိုင်အနည်းငယ်အကွာမှာ မုန်တိုင်းဒဏ် ခိုလှုံရာအဆောက်အအုံတွေ တည်ဆောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က မုန်တိုင်းဖန်နီ အိန္ဒိယကို ဝင်ရောက်ဖို့ မိုင်ရာနဲ့ချီပြီး ဝေးကွာစဉ်အချိန်ကတည်းက အိန္ဒိယအာဏာပိုင်တွေဟာ မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့ကြပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မဖြစ်ခင်ကတည်းက လေဖိအားနည်းရပ်ဝန်းလို့ မိုးလေဝသပညာ ရှင်တွေက အသိပေးခဲ့ပြီး ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော် ပြီးတဲ့နောက်မှာ အားပြင်းတဲ့မုန်တိုင်းဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ဖန်နီဟာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာခဲ့ပြီး မိုးလေဝသပညာရှင်တွေဟာ မုန်တိုင်းသွားရာ လမ်းကြောင်းကို တိတိကျကျခန့်မှန်းနိုင်ခဲ့ပါတယ်။ မုန်တိုင်းဟာဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ဩရိဿကို ဝင်ရောက်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့

ဩရိဿပြည်နယ်မှာ လူဦးရေ ၄၆ သန်းရှိပြီး စပိန်နိုင်ငံရဲ့ လူဦးရေနီးပါးလောက်ရှိပါတယ်။ သို့ပေမယ့် များစွာဆင်းရဲပါတယ်။ ပျမ်းမျှဝင်ငွေဟာ တစ်နေ့မှာ အမေရိကန်ဒေါ်လာ ငါးဒေါ်လာအောက် လျော့နည်းပါတယ်။ အများစုက လယ်သမားတွေပါ။ ကမ်းရိုးတန်းတစ်လျှောက် ဒေသခံအမျိုးသားတွေဟာသစ်သားလှေတွေနဲ့ပဲ ငါးဖမ်းကြပါတယ်။ ဖန်နီချဉ်းကပ်လာတဲ့ အခါမှာတော့ အဲဒီငါးဖမ်းလှေတွေကို ငါးဖမ်းမထွက်ကြဖို့ တားမြစ်ထားပါတယ်။ ကြာသပတေးနေ့နံနက်ပိုင်းမှာတော့ ဩရိဿအာဏာပိုင်တွေဟာ လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီအစဉ်ရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ လူတွေကို မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေဆီ ရွှေ့ပြောင်းပေးဖို့ပါပဲ။ ဩရိဿမှာ ကြောက်မက်ဖွယ်ကောင်းလှတဲ့ မုန်တိုင်းတွေ မကြာခဏဝင်ကတည်းက ပြည်နယ်ရဲ့အရေးပေါ် စီမံခန့်ခွဲရေးအရာရှိတွေဟာ ကယ်ဆယ်ရေးအစီအစဉ်တွေကိုအကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြတယ်လို့ ပြောပါတယ်။ ကမ်းရိုးတန်းဟိုတယ်တွေမှာ နေထိုင်ကြတဲ့ခရီးသွားတွေကို လည်းထွက်ခွာသွားကြဖို့ အကြံပြုထားပြီး မုန်တိုင်းတိုက်ခတ်ပြီး လုပ်ဆောင်ရမယ့်အရာတွေ လုပ်နိုင်ဖို့ စက်လှေအစင်း ၃၀ဝ၊ ရဟတ်ယာဉ် နှစ်စင်းနဲ့ သစ်ပင်တွေကိုခုတ်ဖို့ လွှတွေပေးထားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အစားအသောက်တွေ၊ သောက်ရေ တွေကိုလည်း မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေဆီကို ပေးပို့ထားပါတယ်။

လုံခြုံစိတ်ချရတဲ့နေရာ

ကြာသပတေးနေ့မွန်းလွဲပိုင်းပင်လယ်ပြင်မှာ မငြိမ်မသက် ဖြစ်လာပြီး မိုးစတင်ရွာလာပြီဆိုတာနဲ့ အနီးစပ်ဆုံးမုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေဆီသွားကြဖို့ လော်စပီကာနဲ့ လိုက်ပြီး သတိပေးခဲ့ပါတယ်။ တချို့ဒေသတွေမှာတော့ ရဲတွေက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သားတွေနဲ့အတူ လူတွေကိုထွက်သွားကြဖို့ တိုက်တွန်းရပါတယ်။ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေဟာ လူရာနဲ့ချီပြီးဆံ့ပါတယ်။ အဲဒီအဆောက်အအုံတွေဟာ ခဏလေးနဲ့ လူတွေပြည့်သွားပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေရာတွေက လုံခြုံစိတ်ချရတယ်လို့ အသက် ၅၀ အရွယ် ဆာဘာကာလီမာဆွန်က ပြောပါတယ်။ “ကျွန်တော် တို့အိမ်ကတော့ ပျက်စီးသွားလောက်ပါပြီ” လို့ သူကဆက်ပြောပါတယ်။ သောကြာနေ့နံနက်ပိုင်းမှာတော့ ဖန်နီဟာကမ်းခြေကို စဝင်လာပါပြီ။ ဩရိဿပြည်နယ်ရဲ့ မြို့တော်ဘူဘန်နေ့ရှ်ဝါမှာ မုန်တိုင်းကြောင့် သစ်ပင်ကြီးတွေ လဲကျကုန်ပါတယ်။ မိုးတွေလည်း သည်းထန်စွာရွာသွန်းပြီး မည်သူတစ်ဦးတစ် ယောက်မျှ အပြင်မထွက်ကြတော့ပါဘူး။

လုပ်ငန်းတွေဆုံးရှုံး

ဩရိဿအာဏာပိုင်တွေရဲ့ ပြောကြားချက်အရတော့ လူပေါင်း ၁၀ဝ ခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ မီဒီယာတွေရဲ့ ပြောကြားချက်အရတော့ လေထဲမှာ လွင့်ပျံလာတဲ့ အပျက်အစီးတွေထိမှန်ပြီး လူတချို့သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လူပေါင်းများစွာဟာ အသက်မဆုံးရှုံးခဲ့ပေမယ့် အသက်ရှင်သန်ရာလုပ်ငန်းတွေကိုတော့ ဆုံးရှုံးသွားရပါတယ်။ သဘာဝတရားဟာ ဆင်းရဲတဲ့သူတွေကို ပိုပြီးအပြစ်ပေးတယ်လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အက်စ် ကေဘတ် ရာက ပြောပါတယ်။ အခုဆိုရင် ဘဝကို အစကပြန်စရတော့ မယ်လို့ သူကဆက်ပြောပါတယ်။ အခုဆိုရင် မုန်တိုင်းရဲ့ အဆိုးရွားဆုံးအပိုင်းတွေကို ကျော်ဖြတ်ပြီးသွားပြီလို့ ယူဆရလို့ ဩရိဿအစိုးရရဲ့ ကြိုတင်ပြင်ဆင်မှုတွေဟာ အောင်မြင်မှုရရှိခဲ့တယ်လို့ ဆိုရမှာပါ။ ။

ကိုးကား -နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး