တောင်ငူ  ၅  မေ 

 


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ်(၂) နယ်မြေရဲစခန်းရှေ့ ကားလမ်းဘေးတွင် အမှုဖြင့် သိမ်းဆည်းထားသည့် ယာဉ်ငယ်တစ်စီးအတွင်းမှ ပုပ်ပွနေသည့် မိန်းကလေးအလောင်းနှစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ အမှုဖြင့် သိမ်းဆည်းထားသော ယာဉ်အတွင်းမှ အပုပ်နံ့များ ထွက်နေကြောင်း စည်ပင်ဝန်ထမ်းများ၏ သတင်းပေးချက်အရ အမှတ်(၂) နယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ် တင့်ဇော်မိုးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အသက် ၅ နှစ်နှင့် ၆ နှစ်အတွင်းရှိ အမည်နေရပ်မသိ မိန်းကလေးနှစ်ဦး၏ အလောင်းအားတွေ့ရှိခဲ့ကြောင်း သိရသည်။

 


ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့နှစ်ဦးသည် အိမ်ယာမဲ့များဖြစ်ပြီး အော့အန်ထားသည်ကို စစ်ဆေးတွေ့ချက်များအရ မော်တော်ယာဉ်အတွင်းသို့ ဝင်ရောက်အိပ်စက်ရာမှ တံခါးပြန်မဖွင့်တတ်သည့်အတွက် အသက်ရှူမွန်းကြပ်၍ သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကသုံးသပ်၍ တောင်ငူ အမှတ်(၂) နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၉ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

 


၎င်းတို့နှစ်ယောက် ဝင်ရောက်သေဆုံးနေသည့် အဆိုပါ မော်တော်ယာဉ်မှာ မူးယစ်ဆေးဝါးအမှုဖြင့် သိမ်းဆည်းထားသော ယာဉ်ဖြစ်ကြောင်းလည်း သိရသည်။

 


ကိုလွင်(ဆွာ)