ရန်ကုန် ၅ မေ
၂၀၁၉ခုနှစ်၊ နွေရာသီဖိတ်ခေါ်အလွတ်တန်းနှင့် အသက်(၁၉) နှစ်အောက် အမျိုးသား/ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ က ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်း အားကစားပြိုင်ဝင်း၊ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်နာယက ဒေါက်တာ ဒေါ်နီနီ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲကျင်းပရေးအတွက် အားကစားနှင့် ကာယပညာဦးစီးဌာန မှပံ့ပိုးငွေနှင့် မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များက စုစုပေါင်းကျပ်ငွေ (၁၉၅)သိန်းရရှိသော လှူဒါန်းငွေများကို ပေးအပ်ရာ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် နာယက ဒေါက်တာ ဒေါ်နီနီ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်သည်။
အဆိုပါပြိုင်ပွဲမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ အသင်းများ၊ ကလပ်အသင်းများ၊ ပြိုင်ပွဲဝင်အသင်း(၆၇)သင်း၊ အားကစားသမား စုစုပေါင်း(၈၀ဝ)ခန့်သည် မေ (၁၄) ရက်အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုအားပေး နိုင်ကြောင်း သိရှိရသည်။
(သတင်းစဉ်)