ဖားကန့် ၅ မေ
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၌ မေ ၄ ရက် ညနေပိုင်းက သက်တမ်းကုန် ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ရှိ ကျင်းကမ်းပါးယံပြိုကျခဲ့၍ လက်ယက်ကျင်းတူးဖော်နေသူ နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၄ ရက် ညနေ ၄ နာရီခွဲက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ တောင်းကော့မှော်ကျေးရွာအနီးရှိ သက်တမ်းကုန်ဆုံးသွားသည့် ဇဗွေကျောက်မျက်တူးဖော်ရေး လုပ်ကွက်အဟောင်းတွင် လက်ယက်ကျင်း တူးဖော်နေသူလေးဦး၏အပေါ်သို့ အထက်ဖက်ရှိကျင်း ကမ်းပါးယံပြိုကျခဲ့၍ အောက်ဖက်ပေသုံးရာခန့်သို့ မြေစာများနှင့်အတူ ပြုတ်ကျခဲ့၍ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ တောင်းကော့မှော်ကျေးရွာနေ မောင်ဌေး(ခ)မင်းဌေး(၃၀)နှစ်နှင့် ကျော်ရဲနိုင်(၂၆)နှစ်တို့နှစ်ဦးမှာ ဒဏ်ရာများရရှိသေဆုံးခဲ့ပြီး ဇော်ဟိန်း(၃၅)နှစ်နှင့် ထွန်းထွန်းဝင်း(၄၃)နှစ်တို့နှစ်ဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရရှိသူနှစ်ဦးကို ဆိပ်မူကျေးရွာ သင်္ခါလူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)