၆  မေ


ယခုကာလတွင်   မြန်မာနိုင်ငံအတွင်းရှိ   အချို့ဒေသများတွင်  နေရာအနှံ့အပြား၊    အချို့ဒေသများတွင်    နေရာစိပ်စိပ်၊    အချို့ဒေသများတွင်နေရာကျဲကျဲ၊  အချို့နေရာဒေသများတွင်  နေရာကွက်၍ မိုးရွာသွန်းနေသည်ကို တွေ့ရပါသည်။ ရွာသွန်းသည့်မိုးသည် များများစားစားတော့မဟုတ်၊ ခဏတစ်ဖြုတ် မစို့မပို့ရွာသည်။ နေရာဒေသအချို့တွင် အပူလွန်ကဲသဖြင့်မိုးခေါ်လွန်ဆွဲပွဲများ ဆင်နွှဲနေကြသည်။

 

ယခုရွာသွန်းဖြိုးသောမိုးသည် မိုးရာသီကာလ၌ ပုံမှန်ရွာသွန်းနေကျ မုတ်သုံမိုးမဟုတ်၊   ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော  အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုအချို့ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ဧပြီ၊ မေလများသည် ပူပြင်းသော နွေရာ သီကာလများ ဖြစ်သည်။   ရွာသီဥတုပူပြင်းလွန်းသဖြင့်   မိုးဖြစ်စေသည့်   မုန်တိုင်းကိုမမျှော်ကောင်းမျှော်ကောင်း မျှော်ခဲ့ကြသည်။

 

အလွန့်အလွန်အားကောင်းသောမုန်တိုင်းမှာ အိန္ဒိယနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မွှေနှောက်ပြီး အားလျော့ကာ မုန်တိုင်းငယ်မှ လေဖိအားနည်းရပ်ဝန်းအဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဖြစ်သည်။  မုန်တိုင်းဒဏ်ကြောင့်   အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် ထိခိုက်ပျက်စီးမှုများနှင့် လူအနည်းငယ်သေဆုံးမှု ဖြစ်ခဲ့သည်။ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုကြောင့်    အင်အားမည်မျှကြီးသည်ဖြစ်စေ လူအသေအပျောက် အထိအခိုက်နည်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။

 

မုန်တိုင်းဒဏ်မခံရသည့်  မြန်မာနိုင်ငံအဖို့ မုန်တိုင်းကင်းသည်ဟူ၍  မမှတ်ယူအပ်ချေ။ ဖန်နီမုန်တိုင်းသည် ယခုရာ သီ၌ ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးပေါ်ပေါက်ခဲ့သည့် မုန်တိုင်းဖြစ်သည်။ နောက်ရာသီကာလများသည်  နွေရာ သီကာလပင်ရှိသေးသောကြောင့် မုန်တိုင်းမိုးပြီးသည့်နောက် အပူရှိန်ပြင်းထန်ပေလိမ့်ဦးမည်။ မြန်မာနိုင်ငံအဖို့ မုန်တိုင်းဒဏ်မခံရသည်ဆိုသော်ငြားလည်း  အပူရှိန်ဒဏ်၊   အခြားမုန်တိုင်းများ၏ အဖျားခတ်ဒဏ် စသည်တို့ကို သတိထားရမည်ဖြစ်သည်။

 

ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းသည် ထိခိုက်ပျက်စီးဆုံးရှုံးမှုကို လျော့ပါးသက်သာစေသဖြင့် ဖြစ်ပေါ်လာနိုင်သော ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို သတိမူရမည်ဖြစ်သည်။ အပူဒဏ်ကာကွယ်ရေးကို ဆက်လက်သတိပြုရမည်ဖြစ်သည်။ ပူအိုက်သောကာလတွင် ဖြစ်ပွားတတ်သည့်ရောဂါများကို  သတိထားရမည်ဖြစ်သည်။  ယခုကာလသည်  ရာသီဥတုအပြောင်းအလဲ အမြန်ဆုံးဖြစ်ပေါ်နေသော ကာလဖြစ်၍ မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် ကြည့်ရှုနားထောင်ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ ထုတ်ပြန်သော အကြံပြုချက်များကို လိုက်နာရမည့်အပြင် အခြားသူများကိုလည်း မျှဝေပေးရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအထက်ပိုင်းနေပြည်သူများအဖို့ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းများကို    သတိထားရမည်ဖြစ်သည်။ တောင်ပေါ်ဒေသ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက   မြစ်ဝှမ်းဒေသများတွင် လျှပ်တစ်ပြက် ရေကြီးနိုင်သည်ကို သတိထားရမည်ဖြစ်သည်။ ထိုဒေသများတွင် ဘေးလွတ်ရာနှင့်  အရေးပေါ်သုံးပစ္စည်း၊  စားနပ်ရိက္ခာတို့ကို အသင့်ပြင်ထားရမည်ဖြစ်သည်။ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး၊   တိရစ္ဆာန်များနှင့်  ဘေးအန္တရာယ်မဖြစ်စေရေး  စသည်တို့ကို  သတိထား၍  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံရှိ ပြည်သူလူထုအများစုမှာ မိမိတို့ဘဝ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းရုန်းကန်နေရသဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အမှုမဲ့အမှတ်မဲ့ နေထိုင်တတ်ကြရာ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် စဉ်ဆက်မပြတ်အသိပေးနှိုးဆော်ရမည်ဖြစ်သည်။ အရေးပေါ်ဖြစ်ပေါ်လာပါကလည်း အလျင်အမြန် ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် အသင့်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ  ယခုကဲ့သို့ ရာသီဥတုဖောက်ပြန်နေသော အချိန်ကာလတွင် သဘာဝဘေးအန္တရာယ်များမှာ အချိန်အခါမရွေး ရောက်ရှိလာနိုင်သည်ဖြစ်၍ အခြားနိုင်ငံများ၏ သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်ထားနိုင်ပုံကို  နမူနာထား၍  မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်မှ လျော့ပါးသက်သာစေရေး   ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။      

 

ကြေးမုံ