၆ မေ
လူပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများဖြစ်စေ၊ လူမှုရေး အဖွဲ့အစည်းများ ဖြစ်စေ၊ နိုင်ငံရေးပါတီများ ဖြစ်စေ၊ မည်သို့သော အဖွဲ့အစည်းများဖြစ်စေ နာမည်ကောင်းဟူသည် အရေးကြီး၏။ နာမည်ကောင်း ရှိလျှင် လူမှာ တန်ဖိုးရှိ၏။ နာမည်ကောင်းရှိသည့် စီးပွားရေးလုပ်ငန်းများသည် တိုးတက်ကြီးပွားမည်မှာ ဧကန်မုချ ဖြစ်၏။ နာမည်ကောင်းသည့် လူမှုရေးအဖွဲ့အစည်းများသည် ဂုဏ်သိက္ခာကြီးမြင့်နေမည်။ နာမည်ကောင်း ရသည့် နိုင်ငံရေးအဖွဲ့အစည်းများကို လူထုက ယုံကြည်ထောက်ခံအားပေး မည် ဖြစ်၏။
ဤသည်က လွန်စွာရိုးရှင်းလှသော အမှန်တရားပါပေ။
ထို့ကြောင့်ပင် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် မိမိတို့ကို လူအများက တန်ဖိုးထားယုံကြည်ခြင်းကို အလိုရှိကြသည်။ နာမည်ကောင်းဖြင့် ကျော်ကြားချင်ကြ၏။
သို့သော် ယုံကြည်မှုဆိုသည်က ဈေးထဲသွား ငွေကြေးအကုန်အကျခံကာ ဝယ်လို့ရသည်မဟုတ်။ အလွယ်တကူ မရ။ စီးပွားရေး ခွင်မိသလို အချောင်မရနိုင်။
အာဏာ၊ ငွေကြေး ဥစ္စာချမ်းသာမှု စသည်တို့ကို ရနိုင်ရုံမျှဖြင့်လည်း နာမည်ကောင်းနှင့် ယုံကြည်မှုကို ရလိမ့်မည်ဟု မျှော်လင့်လို့မရနိုင်။ အမှန်တော့ နာမည်ကောင်းနှင့် အများပြည်သူ၏ ယုံကြည်မှုဆိုသည်မှာ လုပ်ယူ၍ရသည့် အရာမဟုတ်။ မိမိ၏အလုပ်ကို မှန်မှန်ကန်ကန် ရိုးရိုးဖြောင့်ဖြောင့်လုပ်ခြင်းဖြင့် အလိုလို ဘေးထွက်ကောင်းကျိုးအဖြစ်သာ ရရှိနိုင်သည်ဟု မြင်ပါသည်။
မှန်ကန်သော အလုပ်၊ မှန်ကန်သော စကား၊ မှန်ကန်သော အတွေး အကြံဟူသည် လူအများယုံကြည်မှုအတွက် အခြေခံလမ်းစဉ်ဟု ဆိုရပါမည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေသည့် အလုပ်၊ မနာလို ရုန့်ရင်းသော အပြော၊ မတရားသောအတွေးအကြံတို့က မည်သည့်မျက်နှာဖုံးကို တပ်ထား သည်ဖြစ်စေ၊ မည်သည့်ဝတ်ရုံကို လွှမ်းထားကာ၊ မည်သည့်ရတနာတို့ကို အကာအကွယ်ယူ ဆင်မြန်းထားသည်ဖြစ်စေ လူတို့၏ယုံကြည်မှုကို ရေရှည်တွင် ရလိမ့်မည်မဟုတ်ဟု တပ်အပ်ဆိုနိုင်ပါသည်။
လူနှင့် အဖွဲ့အစည်းတို့၏ အလုပ်၊ အပြော၊ အတွေးအကြံတို့ကို အရင်းအတိုင်း သိမြင်နားလည်လာသည်နှင့်အမျှ ထိုလူ၊ ထိုအဖွဲ့ အစည်းတို့၏ နာမည်ကောင်း၊ နာမည်ဆိုးတို့က အလိုလိုပေါ်ထွက်လာမည်သာ ဖြစ်၏။
ထို့ပြင်တဝ၊ နာမည်ကောင်းရထားပြီး၊ လူတို့၏ ယုံကြည်မှုကို ရထားပြီးဖြစ်သည်ဟု ဆိုစေကာမူ နာမည်ကောင်းဟူသည် တစ်ခါရပြီးလျှင် ရာသက်ပန်ရရှိထားသည်ဟု ယူဆ၍ရမည်မဟုတ်။
လူကောင်း၊ အဖွဲ့အစည်းကောင်းဟူသည် အစဉ်အမြဲ မှန်မှန်ကန်ကန် လုပ်ဆောင်မှု၊ အစဉ်အမြဲ သဘောထားမှန် ကောင်းမွန်မှု၊ အစဉ်အမြဲ မှန်မှန်ကန်ကန် ပြောဆိုမှုတို့ကသာ လူထု၏အစဉ်အမြဲ ယုံကြည်မှုကိုရရှိလိမ့်မည် ဖြစ်ပါသည်။
ဤသည်ပင် ဂုဏ်သိက္ခာကြီးသောလူ၊ တန်ဖိုးကြီးသော အဖွဲ့အစည်းဟု သတ်မှတ်ကြမည်ဖြစ်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ကျင့်ဝတ်သိက္ခာပြည့်ခြင်း၊ သီလလုံခြင်းတို့ကပင် အတွေး ၊ အပြော၊ အလုပ်မှန်ကန်မှုတို့ကို ဖြစ်ပေါ်စေမည်ဟုလည်း ယုံကြည်ပါသည်။
အချုပ်ဆိုရလျှင် စီးပွားရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ အောင်မြင်တိုးတက်လိုသည်ဆိုလျှင် လူထု၏ယုံကြည်မှု ထောက်ခံအားပေးမှု ရလိုသည်ဆိုလျှင် အတွေး၊ အပြော၊ အလုပ် မှန်ကန်ရိုးဖြောင့်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းတို့ဖြင့်သာ ရရှိနိုင်လိမ့်မည်ဟု တွေးထင်မိသည့်အတိုင်း တင်ပြလိုက်ရပါသတည်း။ ။
မြန်မာ့အလင်း