၆ မေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏   မျှော်မှန်းချက်မှာ “နိုင်ငံတော်၏ စီးပွားရေးမူဝါဒ” သည် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်မပြတ်တိုးတက်မှုရရှိစေရန် ရည်ရွယ်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူရရှိစေရန် ဦးတည်၍ သဘာဝသယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက်   ပြည်နယ်နှင့်တိုင်းဒေသကြီးများအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင် ချမှတ်ဆောင်ရွက်ရန်လည်း မျှော်မှန်းပါသည်။

ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀) (Myanmar Sub- stainable Development Plan-  MSDP) သည် ငြိမ်းချမ်း၍ သာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံဖြစ်စေမည့် ကာလ ရှည်ရည်မှန်းချက်ဖြစ်ပါသည်။ စစ်မှန်၍ အားလုံးပါဝင်နိုင်ပြီး အသွင်ကူးပြောင်းသော စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ရရှိရေးအတွက်  မူဝါဒများနှင့်အဖွဲ့အစည်းများအကြား  အပြန်အလှန် ညီညွတ်မှုရှိရေး  ရည်ရွယ်ချက်အပေါ်  အခြေခံပြီး  ပြုပြင်ပြောင်းလဲမှုများ ရှင်သန်တက်ကြွလာစေရန်နှင့် လုပ်ငန်းစဉ်များကို ရဲဝံ့တည်ငြိမ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Substainable Development Plan-MSDP)ကို ရေးဆွဲထားခြင်းဖြစ်ပါသည်။

မဏ္ဍိုင်၊ ပန်းတိုင်နှင့် မဟာဗျူဟာများ

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(ြှီဏ)ကို မဏ္ဍိုင်သုံးရပ်၊ ပန်းတိုင် ငါးခု၊ မဟာဗျူဟာ ၂၈ ခုနှင့် လုပ်ငန်းအစီအစဉ် ၂၅၁ ခုတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းဖွဲ့စည်းထားမှု အချက်များ အားလုံးသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ၁၂ ရပ်၊ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေးပန်းတိုင်များ၊  မဲခေါင်ဒေသအတွင်း  မဟာဗျူဟာမူဘောင်၊ အာဆီယံအသိုင်းအဝန်းနှင့် အခြားသော ဒေသအတွင်း ကတိကဝတ် သဘောတူညီချက်များနှင့် ကိုက်ညီမှုရှိပါသည်။

ငြိမ်းချမ်း၍ သာယာဝပြောသော ဒီမိုကရေစီမြန်မာနိုင်ငံအဖြစ် တည်ဆောက်ရာဝယ်  MSDP အရ မဏ္ဍိုင် သုံးရပ်မှာ (၁)ငြိမ်းချမ်းရေးနှင့်  တည်ငြိမ်မှု၊ (၂) သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ (၃) ပြည်သူများနှင့် ကမ္ဘာမြေတို့ ဖြစ်ပါ သည်။

မဏ္ဍိုင် (၁) ဖြစ်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၏ ပန်းတိုင် နှစ်ရပ်မှာ (က) ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုပန်းတိုင်နှင့် (ခ)စီးပွားရေးတည်ငြိမ်မှုနှင့် ခိုင်မာအားကောင်းသည့် မေခရို စီးပွားရေးစီမံခန့်ခွဲမှုတို့ ဖြစ်ပါသည်။

မဏ္ဍိုင်(၂)ဖြစ်သော သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ပန်းတိုင်မှာ အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးရေးဖြစ်ပါသည်။

မဏ္ဍိုင် (၃) ဖြစ်သော ပြည်သူများနှင့် ကမ္ဘာမြေ၏ ပန်းတိုင် နှစ်ရပ်မှာ (က) ၂၁ ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်များနှင့် လူမှုဘဝဖွံ့ ဖြိုးတိုးတက်ရေး ပန်းတိုင်နှင့်  (ခ) နိုင်ငံ၏အနာဂတ် မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်တို့ ဖြစ်ပါသည်။

အထက်ပါ ပန်းတိုင်ငါးရပ်အနက် ပန်းတိုင် (၂)ဖြစ်သော စီးပွားရေး  တည်ငြိမ်မှုနှင့်  ခိုင်မာအားကောင်းသည့်  မေခရို စီးပွားရေး စီမံခန့်ခွဲမှု၏ မဟာဗျူဟာ (၅) ရပ်မှာ-

(၁)နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေပေး ငွေယူရှင်းတမ်းကိုထိရောက်စွာ စီမံခန့်ခွဲခြင်း၊

(၂)ငွေကြေးဖောင်းပွမှုကို လျှော့ချခြင်းနှင့် ငွေကြေးတည်ငြိမ်မှု ထိန်းသိမ်းခြင်း၊

(၃) မျှတ၍ ပွင့်လင်းမြင်သာပြီး စွမ်းရည်ပြည့်ဝသည် အခွန်စနစ်ဖြင့် ပြည်တွင်းအခွန်ရရှိမှု တိုးမြှင့်ခြင်း၊

(၄) အရင်းအမြစ်များကို တည်ငြိမ်စွာဖြင့် စွမ်းရည်ပြည့်ဝစွာ ခွဲဝေနိုင်ရေးအတွက်  ပြည်သူ့ဘဏ္ဍာငွေ  စီမံခန့်ခွဲမှုကို အားကောင်းခိုင်မာစေခြင်း၊

(၅)နိုင်ငံပိုင်  စီးပွားရေးလုပ်ငန်းများ  စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးခြင်းတို့ ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၂၃၀  အရ  ဘဏ္ဍာရေးကော်မရှင်သည်  တိုင်းဒေသကြီး(သို့)ပြည်နယ်များအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့်လျော်သလို ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စ တစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ ချေးငွေများ ခွင့်ပြုခြင်းအပါအဝင် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေ၊ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ များပြဋ္ဌာန်းပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလျက် နှစ်စဉ်ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ လိုငွေဖြည့် ဆည်းပေးခြင်း၊ အထူးကိစ္စရပ်အတွက် ထောက်ပံ့ပေးခြင်း လိုအပ်ပါက ချေးငွေများခွင့်ပြုခြင်းများကို ဆောင်ရွက်ပေး လျက်ရှိပါသည်။

အမျိုးသားစီမံကိန်း ရည်မှန်းချက်

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ လိုငွေထောက်ပံ့ခြင်းများအတွက် ငွေကျပ် ၁၇၉၃၆၄၅ ဘီလီယံ လျာထားပါသည်။

ထို့အတူ စီးပွားရေးတိုးတက်မှုကို လယ်ယာကဏ္ဍကြီးတွင် ၂၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၈ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ဖြစ်ပေါ်ရန်ရည်မှန်းထားပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) အမျိုးသားစီမံကိန်း ရည်မှန်းချက်တွင် စီးပွားရေးတိုးတက် မှုနှုန်းကို (ပုံမှန်ဈေးနှုန်းအရ) ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက် ရန် ရည်မှန်းထားပါသည်။

လယ်ယာကဏ္ဍကြီးတွင် အဓိကအားဖြင့် မိုးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ပိုမိုကောင်းမွန်မည့်အလားအလာရှိမှု၊ သားငါး ကဏ္ဍထုတ်လုပ်မှုကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပတင်ပို့မှုနှင့် ထပ်ဆင့်တိုးတန်ဖိုးထုတ်လုပ်မှု (Value added)ရရှိရေး ပိုမိုဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းပါသည်။

စက်မှုကဏ္ဍကြီးတွင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ  စီးဝင်ခြင်းနှင့်အတူ ငွေကြေးအရင်းအနှီးလိုအပ်သည့် စီးပွားရေး အခြေခံလုပ်ငန်းများအား နှစ်လတ်ချေးငွေ ထုတ်ချေးခြင်း၊ အသေးစားနှင့်  အလတ်စား  စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ ဖြိုး တိုးတက်ရေးနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးမှုဖြင့် ထုတ်လုပ်မှု ပိုမိုထွက်ရှိရေး   အခြေခံအဆောက်အအုံအသစ်များ   တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာများ ပေါ်ထွန်းလာစေရေးများကို ရည်မှန်းထားပါသည်။

ဝန်ဆောင်မှုကဏ္ဍကြီးတွင်  လမ်းကွန်ရက်များ  ဖွံ့ဖြိုးမှု ဖြင့် လျင်မြန်သွက်လက်လွယ်ကူသော ပို့ဆောင်ရေးစနစ်၊ ပေါ်ထွန်းမှုမှသည် ငွေရေးကြေးရေးဝန်ဆောင်မှု အပါအဝင် ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်လာခြင်းဖြင့် ပြည်တွင်း ပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးမှု    ပေါ်ထွက်လာစေရေးများကို ရည်မှန်းထားပါသည်။

ငွေကြေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်

ငွေဖောင်းပွမှုနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်း တည်ငြိမ်မှုတို့သည် အပြန်အလှန် ချိတ်ဆက်နေပါသည်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေသည့်ကာလတွင် မြန်မာ ကျပ်ငွေ(MMK)၏  ထိရောက်သော  ငွေလဲလှယ်နှုန်းမှာ အကြိမ်ကြိမ် သိသာစွာ တန်ဖိုးကျဆင်းနေချိန်တွင် ထိရောက်သော အမှန်ငွေလဲလှယ်နှုန်းမှာ သိသိသာသာ တည်ငြိမ်မှု ရှိနေပါသည်။  ငွေကြေးတည်ငြိမ်မှုကို  ထိန်းသိမ်းရန်  ငွေဖောင်းပွမှု  တည်ငြိမ်ရမည်ဖြစ်ပါသည်။  လက်ရှိအချိန်တွင် အစိုးရငွေချေးစာချုပ်အတွက်  ထပ်ဆင့်ဈေးကွက်မရှိသေး ခြင်းကြောင့် ငွေကြေးမူဝါဒ ရည်မှန်းချက် ပြည့်မီစေရန်အတွက် လိုအပ်နေသည့် ငွေရေးကြေးရေး ဈေးကွက်များကို ဖွံ့ဖြိုးလာစေရေးကို အားထုတ်ကြိုးပမ်းရန်မှာ အဓိကအရေးပါမှုဖြစ်ပါသည်။

ယင်းဈေးကွက်များတွင်   ဗဟိုဘဏ်မှ  ဆောင်ရွက်သည့် Open Market Operation များ ပိုမိုထိရောက်အောင် ဆောင်ရွက်နေသည့်ဘဏ်အချင်းချင်း ရောင်းဝယ်မှုဈေးကွက် (interbank)  နှင့် အစိုးရငွေချေးသက်သေခံလက်မှတ်များ အသုံးပြု၍      ငွေကြေးဈေးကွက်မှ      ကာလတိုချေးငှားမှု ဈေးကွက်တို့ ပါဝင်ပါသည်။ ဈေးကွက်ဖွံ့ ဖြိုး၍ လိုအပ်သော အဖွဲ့အစည်းများမှာလည်း အဆင်သင့်ဖြစ်ပါလျှင် အတိုးနှုန်းနှင့် သီးသန့်ငွေကြေးပမာဏ ရည်မှန်းသတ်မှတ်ထားခြင်းကဲ့သို့သော အခြားစနစ်များကိုပါ လုပ်ဆောင်လာနိုင်မည်ဖြစ်ပေသည်။

၂၀၁၈ ခုနှစ်တွင် အချို့သော ဒေသများ၌ သဘာဝဘေးကျရောက်ခဲ့ရာတွင်   နိုင်ငံတော်က   ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့အတူ ပြည်သူများ၏ လူမှုဘဝ လုံခြုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေးနှင့် ပညာရေးဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာလုပ်ငန်းများ တိုးတက်ရေးကိုပါ မျှော်မှန်းချက် ရှိပေသည်။ များမကြာမီ ကာလက အမေရိကန်ဒေါ်လာ မြင့်တက်ခြင်းနှင့်အတူ နိုင်ငံအများစု၏ ငွေကြေးတန်ဖိုး ကျဆင်းခြင်း ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် သွင်းကုန်ဈေးနှုန်းများ မြင့်တက်မှုဒဏ် ကို အနည်းနှင့်အများ ခံစားနေရပါသည်။

နိုင်ငံတော် မူဝါဒအရ ဦးစားပေးဆောင်ရွက်မည့် ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ စီးပွားရေးတည်ငြိမ်မှု၊ မေခရို စီးပွားရေး စီမံခန့်ခွဲမှုခိုင်မာအားကောင်းသော စီမံမှု၊ လူ့စွမ်း အားအရင်းအမြစ် တိုးတက်စေရန်နှင့် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးနှင့်  စဉ်ဆက်မပြတ် တိုးတက်ရေးများကို ပေါင်းစပ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ အမျိုးသားစီမံကိန်း  ရည်မှန်းချက်များကို  အောင်မြင်စွာ ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ပေသည်။

စီးပွားရေး တိုးတက်မှုအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ပြည်ပဝယ်လိုအားပြောင်းလဲမှုကြောင့် သီးနှံအချို့  တင်ပို့မှုလျော့နည်းခဲ့သော်လည်း ပြည်ပသို့ ဆန်ပိုမိုတင်ပို့နိုင်ခဲ့၍ ပြည်ပကုန်သွယ်မှုပမာဏ မြင့်တက်ခဲ့ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်း၊ အသေးစားနှင့် အလတ်စား ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအရင်းအနှီး ရရှိရေး ပံ့ပိုးကူညီခဲ့ခြင်း၊ နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုမြင့်တက်ခြင်းနှင့် အတူ   ပြည်တွင်းခရီးသွားလုပ်ငန်း  ပိုမိုဖွံ့ ဖြိုးလာခြင်းတို့ ကြောင့်  GDP ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ရခြင်းဖြစ်ပါသည်။

၂၀၁၇ ခုနှစ်တွင် ဖွံ့ ဖြိုးပြီးနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် အသက်ဝင်လာခြင်း၊  စီးပွားရေးထွန်းသစ်စ အာရှ နိုင်ငံများ၏ တိုးတက်မှုဆက်လက် အားကောင်းနေခြင်းနှင့် အထွေထွေကုန်စည်တင်ပို့သူများ ပြန်လည်တင်ပို့လာနိုင်ခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေသည် ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF မှ ထုတ်ဝေသော World Economic Out- look  April တွင်  ဖော်ပြထားပါသည်။

ထို့အတူ အာဆီယံဒေသအတွင်း နိုင်ငံများတွင် ပြည်ပပို့ကုန် ပြန်လည် မြင့်တက်လာခြင်း၊ အခြေခံအဆောက်အအုံဆိုင်ရာ ဆောက်လုပ်မှုအတွက် ငွေးကြေးသုံးစွဲခြင်းကြောင့် ပြည်တွင်းဝယ်လို အား ခိုင်မာအားကောင်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်လာခြင်း စသည့် စီးပွားရေးတိုးတက်မှုအခြေအနေများ ပေါ်ထွန်းခဲ့ပါသည်။

စီးပွားရေးဖွံ့ ဖြိုးမှုနှုန်း မျှော်မှန်းချက်

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးအဆင့်ကွာဟချက်  လျော့နည်းလာစေရန်  အာဆီယံ ပေါင်းစည်းရေးအစီအစဉ်  (Initiative  for  ASEAN Integration-IAI) ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ(GMS)၊ CLMV နိုင်ငံများ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့နှင့် ဆောင်ရွက်နေသည့်  အထူးစီးပွားရေးဇုန်၊ တရုတ်နိုင်ငံနှင့် ပေါင်းစပ်ဆောင်ရွက်နေသည့်  Economic  Corridor နှင့်  ရပ်ဝန်းနှင့် လမ်းကြောင်း (Belt and Road) စသည်တို့နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှု၏ စီးပွားရေးအကျိုးဆက်များမှာလည်း  စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မျှော်မှန်းချက်အတွက် အထောက်အပံ့ တစ်ရပ်ဟု မှတ်ယူနိုင်သည်။

ပြည်ပမှ တင်သွင်းလာသော ကုန်စည်ကြောင့် ပြည်တွင်းရှိ အလားတူ ကုန်စည်ထုတ်လုပ်သူများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ခြင်းမှ ကာကွယ်ကုစားရန် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ (Safeguard Law on Increased Import) ၊ လျှော့ဈေးဖြင့် စုပုံတင်ပို့ခြင်းနှင့် အစိုးရထောက်ပံ့မှု ရယူတင်ပို့ခြင်းတို့ကြောင့်   ဖြစ်ပေါ်လာသော  ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများ၏  ထိခိုက်နစ်နာမှုကို  ကာကွယ် ကုစားပေးမှုဥပဒေ (Anti  dumping  and  Counter vailing Law) များအား WTO သတ်မှတ်ချက်နှင့်အညီ ရေးဆွဲပြဋ္ဌာန်းပြီး နိုင်ငံသား လုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရေးကို အထူးအလေးပေးဆောင် ရွက်မှုပြုရန် လိုအပ်လျက်လည်း ရှိပေသည်။

ထို့ကြောင့် ဧပြီ ၉ ရက် ဘဏ္ဍာရေးကော်မရှင် အစည်း အဝေးတွင်  နိုင်ငံတော်သမ္မတ၏  လမ်းညွှန်ချက်ဖြစ်သော GDP တိုးတက်မှု မှန်းချက်နှင့်အညီ ပေါ်ထွန်းနိုင်ရေးအတွက် နိုင်ငံတော်၏ အသုံးစရိတ်များသည် အဓိကမောင်းနှင်အား ဖြစ်၍ “ဟန်ပြ ဖြစ်စေမည့်လုပ်ငန်းများအတွက် သုံးစွဲခြင်းမျိုး မဖြစ်စေဘဲ ပြည်သူအတွက် အမှန်တကယ်အကျိုးရှိစေမည့် လုပ်ငန်းများအတွက်သာ သုံးစွဲခြင်းဖြစ်စေလိုပါကြောင်း” ဟူသော လမ်းညွှန်ချက်ကို အထူးအလေးထားလိုက်နာကြရန် လိုအပ်လှပါသည်။ သို့မှသာ မျှော်မှန်းထားသည့်အတိုင်း မှန်းချက်နှင့် နှမ်းထွက်ကိုက်မည်မှာ မုချဖြစ်ပေသည်။       ။

မောင်သန်းဝင်းရွှေ