၆ မေ

ဖယောင်းရုပ်ပမာ

ဆယ်ကျော်သက်တို့အကြောင်းတွေးတိုင်း၊ ကြားတိုင်း၊ တွေ့တိုင်း၊ မြင်တိုင်း ဖယောင်းရုပ်လေးတွေ လို  ပုံသွင်းရင်  ကိုယ်သွင်းတဲ့ပုံအတိုင်းဝင်တယ်ဆိုတာကို  ဆယ်ကျော်သက်  စီမံချက်လုပ်တဲ့ ကျွန်မတို့မျက်ဝါးထင်ထင် တွေ့ရပါတယ်။

မနှစ်က ဆယ်ကျော်သက်လေးတွေအတွက် လှိုင်သာယာမြို့နယ်က ရပ်ကွက် နှစ်ခု၊ ကျေးရွာ တစ်ခုမှာ ဆယ်ကျော်သက်အမျိုးသမီးငယ်လေးတွေကို ကျား/ မ အခြေပြု  အကြမ်းဖက်ခံရခြင်းမှ ကင်းဝေးအောင်၊     အကြမ်းဖက်ခံရတဲ့     ဆယ်ကျော်သက်လေးတွေရဲ့ဘဝ  ပြန်လည်ရှင်သန် လာအောင်  လူမှုရေးအဖွဲ့တစ်ခုဖြစ်တဲ့  အန်ဂျီ အိုဂျီဂျီနဲ့ စတင်ဆောင်ရွက်ခဲ့ပါတယ်။

စီမံချက်ကာလမှာ ဆယ်ကျော်သက်အရွယ် (၁၄ နှစ်ဝန်းကျင်) မိန်းကလေးအယောက် ၃၀ နဲ့ စတင်ဆောင်ရွက်ခဲ့တာပါ။ ကျောင်းသူလေး တွေလည်းပါတယ်။ စက်ရုံမှာ  လုပ်နေတဲ့သူတွေ လည်းပါပါတယ်။  အိမ်မှာနေတဲ့  သူတွေလည်း ပါပါတယ်။

တချို့က  အလွန်ကိုရဲတင်းပြီး  တချို့က  လူအလွန်ကြောက်ပါတယ်။ သင်တန်းတွေပေးနေတဲ့အချိန်တွေမှာ    အားလုံးပါဝင်လေ့ကျင့်နိုင်အောင်  လုပ်ပေးတဲ့အတွက်  ကြောက်တတ်တဲ့ ကလေးတွေ   တဖြည်းဖြည်း  ရဲတင်းလာကြပါတယ်။ ဝင်ရောက်ဆွေးနွေးရဲလာပါတယ်။

ကလေးတစ်ယောက်က      ကျောင်းသွားကျောင်းပြန်        အဖေက    လိုက်ပို့ပေးရတယ်။ ကျောင်းရောက်ရင်  ဘယ်သူနဲ့မှ  စကားမပြောဘူး။  အဖေက  ဒီစီမံချက်မှာ  သူ့သမီးကို ပါဝင်စေပါတယ်။ သင်တန်းတွေ လုပ်ပေးနေတဲ့ ကာလ အတွင်းမှာပဲ   ဝင်ရောက်ဆွေးနွေးလာတတ်ပါ တယ်။ အနေအေးလို့ မတွေးတတ်ဘူးလို့ ထင်လို့ မရပါဘူး။ အတွေးတွေကို ထုတ်ဖော်ပြောရဲတဲ့အထိ ပြောတတ်လာပါတယ်။ သူ့မိဘတွေလည်း ဝမ်းသာလာကြပါတယ်။

တစ်ယောက်သော  မိန်းကလေးတစ်ဦးက စက်ရုံမှာ  အလုပ်လုပ်တယ်။  သင်တန်းအတွေ့ အကြုံတွေကို အလုပ်ရှင်ကို ပြန်ပြောပြတဲ့အခါ အလုပ်ရှင်က  တက်တက်ကြွကြွအားပေးပြီး သင်တန်းခေါ် ချိန်တွေကို မပျက်မကွက်တက်နိုင်အောင် အားပေးခဲ့ပါတယ်။

 

62

 

စီမံချက်ကာလအတွင်း ပေးခဲ့သောသင်တန်းများ

စီမံချက်မှာပါတဲ့ မိန်းကလေးတိုင်းက သူတို့ မိဘတွေကို   သင်တန်းအတွေ့အကြုံတွေ  ပြန်ပြောပြကြပါတယ်။      မိဘအုပ်ထိန်းသူတွေက ပထမထင်သလောက် စိတ်ဝင်စားမှုမရှိပေမယ့် သမီးတွေပြန်ပြောပြတဲ့အခါ  ပိုမိုစိတ်ဝင်စားလာပြီး သင်တန်းပေးချိန်၊  ဆွေးနွေးပွဲတွေ ပြုလုပ်ချိန် တွေမှာသူတို့ပါ ပါဝင်တက်ရောက်ပြီး သူတို့သမီးတွေအတွက်      နှစ်ထောင်းအားရရှိလာတာကို တွေ့ရပါတယ်။

သင်တန်းတွေပေးတဲ့အခါ            ကျား/မ အကြောင်း၊  အမျိုးသမီးတွေနဲ့    လူငယ်အခွင့် အရေးတွေအကြောင်း၊     ဆယ်ကျော်သက်နဲ့  မျိုးဆက်ပွားကျန်းမာရေးအကြောင်း၊  ကျား/ မ အခြေပြု အကြမ်းဖက်ခြင်းအကြောင်း၊  အမျိုး သမီးငယ်တွေ အကြမ်းဖက်မခံရအောင်  မိမိကိုယ် မိမိ ကာကွယ်ပုံအကြောင်း၊  ဖြစ်လာရင် ဘာတွေ လုပ်ရမယ်ဆိုတာတွေ၊  အချင်းချင်းဘယ်လို  စောင့်ရှောက်ရမယ်ဆိုတာတွေကို  စာတွေ့လက်တွေ့  လေ့ကျင့်ပေးတဲ့အခါ မိမိကိုယ်တိုင် လိုက်နာကျင့် သုံးဖို့လိုပြီး မိမိကိုယ်မိမိ  တန်ဖိုးရှိအောင်နေဖို့တွေ   နားလည်သဘောပေါက်လာကြပါတယ်။ မိမိကိုယ် မိမိ  တန်ဖိုးထားတတ်လာကြပါတယ်။

သူတို့အတွက်လိုအပ်တဲ့    ကိုယ်လုံ ကိုယ်ခံ ပညာကို မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ရဲ့ မြန်မာ့ လက်ရွေးစင် ၁၀ ဦးက  လာရောက်လေ့ကျင့်ပေးတဲ့ အခါ      ကျား/မအခြေပြု      အကြမ်းဖက်ခံရရင် ဘယ်လို ကာကွယ်ရမယ်ဆိုတာကို  သိရှိပြီး  ကိုယ်တိုင်အားအင်တွေ    မွေးထုတ်ရရှိလာကြပါတယ်။  သူတို့အထဲက  သင်တန်းသူခြောက်ဦးကို အောင်ဆန်းကွင်းမှာ ခေါ်ယူပြီး  ဆက်လက်လေ့ကျင့်စေခဲ့ပြီ မိမိသူငယ်ချင်းတွေကြား ပြန်လည်ဖြန့်ဝေ လေ့ကျင့်ပေးနိုင်အောင် အဖွဲ့ချုပ်က  ဆက်လက်ကူညီပေး ကြပါတယ်။

စာဖတ်ဝိုင်းနှင့် ဆွေးနွေးပွဲများပြုလုပ်ပေးခြင်း

သင်တန်းပေးတာအပြင်          တစ်လတစ်ခါ စာဖတ်ဝိုင်းလုပ်ပြီး    စာဖတ်လေ့ကျင့်ပေးတဲ့အခါ သူတို့အရွယ်မှာ ဖတ်သင့်တဲ့စာအုပ်တွေကို အဓိကထားပြီး  သမီးတွေရော  မိဘအုပ်ထိန်းသူတွေပါ ပါဝင်ပြီး ဖတ်လာကြတာကို တွေ့ရပါတယ်။

စာရေးဆရာ ကောင်းသန့်ရဲ့ “သမီးလေးဖတ်ဖို့” ဆိုတဲ့ စာအုပ်တွေနဲ့ လေ့ကျင့်ခဲ့ကြတာပါ။ အလွန် စိတ်ဝင်စားကြပြီး ကိုယ်ပိုင်လိုချင်ကြတာကို တွေ့ရပါတယ်။ စာဘယ်လို ဖတ်မလဲ၊ ဘယ်လိုနားလည် လဲ၊ ဘယ်လို လေ့ကျင့်မလဲ၊ ဘယ်သူတွေကို ဆက်လက်ဖြန့်ဝေမလဲဆိုတဲ့ စနစ်လေးတစ်ခုကို သုံးခဲ့ကြ တဲ့အခါ နောက်ပိုင်း ဆယ်ကျော်သက် ယောကျာ်းလေးတွေလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ သူတို့ကိုယ်တိုင်    သူတို့အရွယ်မှာ    ဖတ်သင့်ဖတ်ထိုက်တဲ့  စာအုပ်စာပေတွေကို  မိတ်ဆွေဖွဲ့တတ် လာပါတယ်။

သင်တန်းက လေ့ကျင့်ပေးလိုက်တဲ့ ခေါင်းစဉ်တွေ၊ စာဖတ်ဝိုင်းက ရရှိလာတဲ့ အသိတွေ၊ အတွေ့ အကြုံတွေအပေါ်မူတည်ပြီး          သူတို့လိုချင်တဲ့ ခေါင်းစဉ်တွေကို သူတို့ကိုယ်တိုင်၊ သူတို့မိဘတွေ ကိုယ်တိုင် တောင်းဆိုလာကြပါတယ်။
တောင်းဆိုလာတဲ့ ခေါင်းစဉ်တွေက အကြမ်း ဖက်ခံရရင်  ဖြစ်ပေါ်လာတဲ့  မျိုးဆက်ပွားကျန်းမာရေးပြဿနာတွေ   မိမိတို့ပတ်ဝန်းကျင်မှာရှိလာရင် မိမိတို့ ဘာတွေလုပ်ပေးရမလဲဆိုတာတွေ၊ အမျိုးသမီးတွေကို        အကာအကွယ်ပေးတဲ့    ဥပဒေ အကြောင်းတွေ၊  ဆယ်ကျော်သက်နဲ့မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတွေ၊ အကြမ်းဖက်သူတွေက  ဆယ်ကျော်သက်အရွယ်တွေကို  ဘာကြောင့် အကြမ်းဖက်ကြတာလဲဆိုတာတွေ၊  မိမိတို့ကိုယ် တိုင်  ဦးဆောင်မှု၊  ခေါင်းဆောင်မှုတွေ  ဘယ်လို လုပ်ရမလဲဆိုတာတွေကို ဆက်လက်သိလိုလာကြ ပါတယ်။ တာဝန်ယူလို၊ တာဝန်ခံလိုစိတ်တွေ စတင် ပေါ်ပေါက်လာတာကို  တွေ့လာရပါတယ်။

ဒါကြောင့်စီမံချက်ကာလအတွင်းမှာပဲ သူတို့လိုချင်တဲ့ ခေါင်းစဉ်တွေကို သူတို့လိုလားတောင့်တ ချိန်မှာ  ရောက်နိုင်ဖို့  သက်ဆိုင်ရာဝါရင့်ပညာရှင်တွေက    သူတို့နဲ့လိုက်ဖက်တဲ့    ခေါင်းစဉ်တွေကို လာရောက်ပို့ချကြပါတယ်။

မျိုးဆက်ပွားကျန်းမာရေးပြဿနာတွေကို မိမိတို့ပတ်ဝန်းကျင်မှာရှိလာရင်  ဘာလုပ်ရမယ်ဆိုတာကို        မာရီစတုပ်စ်အင်တာနေရှင်နယ်က ဒေါက်တာစစ်နိုင်၊      အမျိုးသမီးတွေကို    အကာအကွယ်ပေးတဲ့ ဥပဒေအကြောင်းတွေကို ပါမောက္ခ ဒေါက်တာ မွန်မွန်တာနဲ့ ဒေါ်တင်တင်ရီ၊ ဆယ်ကျော်သက်နဲ့  မူးယစ်ဆေးဝါးအ္တရာယ်အကြောင်းတွေကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက  ဒေါက်တာဖြိုးမြတ်၊      အကြမ်းဖက်သူတွေက ဆယ်ကျော်သက်အရွယ်တွေကို        ဘာကြောင့် အကြမ်းဖက်ကြတာလဲ ဆိုတာတွေကို နာမည်ကြီး စာရေးဆရာလည်းဖြစ်      မျိုးဆက်ပွားကျန်းမာရေး အကြောင်းတွေကို  ပြည်သူလူထုကြား အသိပညာပေးဟောပြောပွဲတွေမှာ အောင်မြင်စွာ ဟောပြော မျှဝေပေးနေသူလည်းဖြစ်တဲ့  ဒေါက်တာ ဖြိုးသီဟ၊  မိမိတို့ကိုယ်တိုင် ဦးဆောင်မှု၊  ခေါင်းဆောင်မှုတွေ ဘယ်လိုလုပ်ရမလဲဆိုတာတွေကို အမျိုးသမီးငယ် ကိစ္စတွေမှာ   အားကြိုးမာန်တက်   စိတ်ပါဝင်စားစွာ  ကူညီဆောင်ရွက်ပေးတဲ့  အဆိုတော်မော်ဒယ်   မေဖြူဖြူတို့က  သူတို့ကို ဟောပြောပို့ချပေးသွားတာ တွေကို  တာဝန်ယူမယ်ဆိုတဲ့အသိနဲ့   နားထောင်ပြီး ပြန်လည်ဆွေးနွေးနိုင်ခဲ့ပါတယ်။

ဆင့်ပွားမျှဝေကြခြင်း၊ ဝိုင်းဝန်းပံ့ပိုးခြင်း

သူတို့  အယောက် ၃၀ က  တစ်ယောက်ကို သူငယ်ချင်းငါးယောက်ကနေ  ၁၀  ယောက်အထိ ပြန်လည်ဖြန့်ဝေပေးဖို့ စီမံချက်က တောင်းဆိုလာ တာကိုလည်း    ကိုယ့်ကိုယ်ကိုယ်    ယုံကြည်ချက် အပြည့်နဲ့   သူငယ်ချင်းတွေကို  သင်ပေးထားတဲ့ အတိုင်း    ပြန်လည်ဖြန့်ဝေပေးနိုင်တာကိုလည်း တွေ့ မြင်ကြရပါတယ်။

လူမှုရေးအသိ  လူမှုရေးသတိ၊  ကျန်းမာရေးအသိ      ကျန်းမာရေးသတိရှိလာတဲ့    စီမံချက်ဝင် အမျိုးသမီးလေးတွေဟာ          သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်လာသလို  သူတို့နဲ့  အနီးအနားမှာ  အကြမ်းဖက်ခံရတဲ့  ဆယ်ကျော်သက် လေးတွေကို  ဝိုင်းဝန်းဆောင်ရွက်ပေးနေတဲ့ လူကြီးတွေနဲ့အတူ ဝိုင်းဝန်းစောင့်ရှောက် အားပေးတတ် လာတာကိုလည်း  တွေ့ရပါတယ်။ 

အဲဒီလိုအားပေးတတ်ဖို့ သူတို့ကို တာဝန်ပေးတဲ့အခါမှာ စောင့်ထိန်း ရမယ့် ကျင့်ဝတ်တွေကို   စောင့်ထိန်းတာ   တကယ့် ကို ဂုဏ်ယူလောက်ဖွယ် တွေ့လာကြပါတယ်။ သင်တန်းသူချင်းမသိရဘူး၊    သက်ဆိုင်သူမဟုတ်သူတွေကို   မိမိရဲ့  မိဘကိုတောင်ပေးမသိဘဲ ကူညီသွားတာ သက်တူရွယ်တူတွေခံစားရသူအတွက် ခွန်အားကို    ပိုမိုရရှိစေပါတယ်။

စီမံချက်အတွင်း  သင်ယူခြင်းမှ  အတွေးအခေါ် အလေ့အကျင့် အလေ့အထများ  ပြောင်းလဲလုပ် ဆောင်လာခြင်း  

စီမံချက်က တစ်နှစ်တာကာလပါ၊ စီမံချက် ကာလကုန်ခါနီးမှာ  သူတို့အတွက် ဆယ်ကျော်သက် အမျိုးသမီးငယ်များရဲ့တွေ့ဆုံပွဲကို ကျင်းပခဲ့ပါတယ်။ စင်မြင့်ထက်အများရှေ့မှာ  ကျင်းပတဲ့ စကားဝိုင်း ဆွေးနွေးပွဲမှာ အဆိုတော်မော်ဒယ် မေဖြူဖြူ  ဦးဆောင်ပြီး  အမျိုးသမီးရာအိမ်မှူး တစ်ဦးနဲ့အတူ စီမံချက်တာဝန်ရှိသူတစ်ဦး၊  သမီး ငယ်သုံးဦးတို့က  တည်ငြိမ်ရင့်ကျက်စွာ ဆွေးနွေး သွားနိုင်ခဲ့ပါတယ်။

စီမံချက်ကြီးပြီးမြောက်သွားတဲ့အခါ မိမိတို့ လုပ်ဆောင်ချက်တွေကို   နေပြည်တော်   လူမှုဝန်ထမ်းဦးစီးဌာနကို သွားရောက်ပြီး  ပြန်လည် တင်ပြခဲ့ကြပါတယ်။     တက်ရောက်သူလူကြီးတွေရဲ့ရှေ့မှာ စာရွက်တစ်ရွက်မှမကိုင်ဘဲ စီမံချက်မှာပါဝင်တဲ့ သူငယ်ချင်းတွေရဲ့ကိုယ်စား သမီးငယ်တစ်ယောက်က တက်ရောက်ပြောကြားသွားတာတဲ့။ သူတို့ရဲ့ အတွေ့အကြုံတွေ၊ သူတို့ရဲ့ ပြောင်းလဲ ရင့်ကျက်လာတဲ့ အတွေးအခေါ်တွေ၊ တန်ဖိုးထားမှုတွေကို ကြည့်လိုက်၊ မြင်လိုက်၊ ကြားလိုက်ရတဲ့ လူကြီးတွေအားလုံး  သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့စွာ၊ တည်ငြိမ်စွာ  ပြောတတ်၊  ဆိုတတ်တာတွေကို  ချီးကျူးဂုဏ်ယူခဲ့ကြရပါတယ်။

မိန်းကလေးအယောက်  ၃၀  ကို  တစ်နှစ်အတွင်း  လေ့ကျင့်ပေးခဲ့ကြတဲ့အခါ      တစ်ဦးကောင်း၊ တစ်ယောက်ကောင်းပဲ ပေါ်ထွက်လာ တာမဟုတ်ပါဘူး။ အားလုံးနီးပါး အတွေးအခေါ် အလေ့အကျင့် အလေ့အထတွေကို ကိုယ်တိုင်  ပြုပြင်ပြောင်းလဲလာတာကို  တွေ့ကြရပါတယ်။ သူငယ်ချင်းတွေကို  သူတို့လိုကောင်းတဲ့ အလေ့အထတွေရအောင်  ဆွဲခေါ်လာနိုင်ကြပါတယ်။  မိသားစုဝင်တွေ၊ ရပ်ကွက်သူ ရပ်ကွက် သားတွေ၊   အချင်းချင်းတွေကို စိတ်ဝင်စားအောင် ပြန်လည်ပြောပြနိုင်ခဲ့တယ်။ ထောက်ခံအားပေးတာတွေ  ရလိုက်ကြတယ်။
သူတို့ရဲ့  သူငယ်ချင်းတွေအတွက်လည်း သူတို့လိုမျိုးလုပ်ပေးဖို့    ဆက်လက်တောင်းဆို ခဲ့ကြပါတယ်။ စီမံချက်ဝန်ထမ်းတွေဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း အကောင်အထည် မဖော်ကြပါဘူး။        သင့်တင့်လျောက်ပတ်စွာ သုံးနိုင်ခွင့်ရှိဖို့  ကုန်ကျစရိတ်ကို  ထောက်ပံ့နိုင်တဲ့   အလှူရှင်ရှိရပါမယ်။   ကိုက်ညီတဲ့နည်းပညာ တွေကို ထည့်ကြရပါတယ်။   ပြည်သူများကြား စနစ်တကျဆောင်ရွက်ခွင့်ရအောင် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့    သဘောတူခွင့်ပြုချက်တွေလိုတယ်။  ရပ်/ကျေးအုပ်ချုပ်သူတို့ရဲ့    ဝိုင်းဝန်း အားပေးပံ့ပိုးမှုတွေ  လိုပါတယ်။

ဘက်စုံထောင့်စုံ ဟန်ချက်ညီညီနဲ့ အချိန်နဲ့ တစ်ပြေးညီ  ဝိုင်းဝန်းပူးပေါင်း အကောင်အထည် ဖော်ခဲ့ကြလို့ အောင်မြင်ခဲ့ကြပါတယ်။  ဝိုင်းဝန်းအားပေးထောက်ခံမှုနဲ့အတူ  ဒုတိယနှစ်အဖြစ် ဆက်လက်ဆောင်ရွက်ခွင့်  ရကြပြန်ပါတယ်။

ဒုတိယနှစ်မှာတော့        ဆယ်ကျော်သက် သားငယ်လေးတွေလည်း ပါဝင်လာကြပါတယ်။ ဒီနေ့ဒီအချိန်မှာ        သက်ငယ်မုဒိမ်းဖြစ်မှုတွေ အတွက် သက်ဆိုင်သူတို့ စွမ်းစွမ်းတမံ ဆောင် ရွက်နေချိန်မှာ ထိခိုက်လွယ် ဖြစ်လွယ် အုပ်စုတွေရဲ့ကြား    ဆောင်ရွက်ခွင့်ရကြတာ ကျေနပ်စရာပါ။ တစ်နိုင်ငံလုံးကို မလွှမ်းခြုံနိုင်လို့  အားမလို အားမရ  ဖြစ်ရသူတွေလည်း တွေ့ရပါတယ်။ သို့သော်လည်း ကိုယ်နိုင်သလောက်လေးကို တာဝန်ယူရင်း ဆယ်ကျော်သက်တို့ရဲ့ ပြောင်းလဲခွင့်ရလိုက်တဲ့  သူတို့ရဲ့  အတွေးအခေါ်၊  အလေ့အကျင့်၊ အလေ့အထတွေကြောင့် သူတို့ဘဝ လှပစေပါတယ်။  သူတို့ပတ်ဝန်းကျင်ကို  လှပစေပါတယ်။ သူတို့မျိုးဆက်တွေကို  သူတို့စနစ်တကျ  တာဝန်ယူတတ်သွားစေနိုင်လို့ကောင်းသော လုပ်ဆောင် ချက်ဆိုတာ  မလွဲမသွေလက်ခံရမယ့် အရာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ဒေါက်တာအေးမြတ်လွင်(ဟင်္သာတ)