ဂါဇာ   ၆  မေ   

 

အစ္စရေးနှင့် ပါလက်စတိုင်းထောက်ခံဟားမားစ်အုပ်စုတို့အကြား    အပြန်အလှန် ပစ်ခတ်မှုများ  ဖြစ်ပွားခဲ့ရာ  ဟားမားစ်အဖွဲ့က  အစ္စရေးပိုင်နယ်မြေများသို့  ဒုံးကျည်  ၂၀ဝ    ကျော်ခန့်ပစ်ခတ်ခဲ့ကြောင်း  ယမန်နေ့သတင်းများ အရ သိရသည်။

 

ထို့နောက် အစ္စရေးဘက်မှလည်း လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ပြင်းထန်စွာ ပြန်လည်လုပ်ဆောင်ခဲ့သည်။ အဆိုပါ တန်ပြန်တိုက်ခိုက်မှုကြောင့်   ပါလက်စတိုင်း  ကလေးငယ်တစ်ဦး  သေဆုံးခဲ့ကြောင်း  ဟားမားစ်ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်ဒေသရှိ       ဆေးကုသရေးအဖွဲ့က ပြောကြားခဲ့သည်။

 

ဟားမားစ်အုပ်စုက ပစ်လွှတ်ခဲ့သော ဒုံးကျည်အများစုကို အစ္စရေးဒုံးခွင်း ဒုံးများက လိုက်လံဖျက်ဆီးနိုင်ခဲ့သော်လည်း ဒုံးကျည်များ တရစပ်ပစ်ခတ်မှုကြောင့် အသက် ၈၀    အရွယ်အမျိုးသမီးတစ်ဦး    ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယခုဒုံးကျည်များ  ပစ်ခတ်မှုသည်မကြာသေးမီက  အစ္စရေးတို့ပစ်ခတ်ခဲ့မှုကြောင့် ပါလက်စတိုင်းလေးဦး ထိမှန်သေဆုံးခဲ့ခြင်းကို  လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဟားမားစ်အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

 

ဟားမားစ်အဖွဲ့၏ ဒုံးကျည်များ ပစ်ခတ်မှုပြီးနောက်   မကြာမီအချိန်တွင်  အစ္စရေး  ဂျက်လေယာဉ်များက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမားစ်စစ်စခန်း ၇၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်  အစ္စရေးသံချပ်ယာဉ်များကလည်း အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ၁၄ လအရွယ် ပါလက်စတိုင်း ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

 

ယခုလအတွင်း၌   ဥရောပ၏ဂီတ ပွဲတော်တစ်ခုကို ကျင်းပရန် အစ္စရေး အစိုးရက စီစဉ်လျက်ရှိသည်။ အဆိုပါ ပွဲတော်အား ဟားမားစ်အဖွဲ့က ဒုံးကျည်များပစ်လွှတ်ကာ နှောင့်ယှက်သွား မည်ဖြစ်ကြောင်း      ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း သိရသည်။ 

 


အင်န်အိတ်ချ်ကေ