အင်းတော် ၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်ခင်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် FORLAND ယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး (၁၉၃)တုံး အလေးချိန်(၁၀၄၃) ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၆ ရက် နံနက် ၁ နာရီခွဲက အင်းတော်မြို့နယ် နန့်ခင်ကျေးရွာအနီး (ပြည်ထောင်စုကားလမ်းမကြီးပေါ်)တွင် နဘားလမ်းဆုံစုပေါင်းဂိတ်မှ မသင်္ကာဖွယ်ယာဉ်အမှတ် MDY- 6J/xxxx အဖြူရောင် FOFLAND ယာဉ်အား တားဆီးစစ်ဆေးမည်ပြုစဉ် ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် တာဝန်ကျ ဒုရဲအုပ်မြမြဌေးမှ ဖုန်ဆက်အကြောင်းကြားခဲ့သဖြင့် အင်းတော်မြို့နယ် ယာယီရဲတပ်ဖွဲ့မှူး ဒုရဲမှုးခင်မောင်သင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အောင်မင်္ဂလာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦအုန်းမောင်အဖွဲ့တို့နှင့်အတူ နန့်ခင်ကျေးရွာအနီးတွင် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်မောင်းကိုကိုဦး မောင်းနှင်ပြီး ယာဉ်နောက်ခန်းတွင် လမ်းခင်းကျောက်များဖြင့် ဖုံးအုပ်၍ သယ်ဆောင်လာသော အဝါရောင်တိပ်များပတ်လျက် ကျောက်စိမ်းအရိုင်းတုံး အရွယ်အစားဆိုဒ်စုံ စုစုပေါင်း (၁၉၃)တုံး စုစုပေါင်းအလေးချိန် (၁၀၄၃)ကီလိုဂရမ် တို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်စိမ်းအရိုင်းတုံးများ တရားမဝင် သယ်ဆောင်လာသူ ကိုကိုဦး (၃၂)နှစ် (ဘ)ဦးမြင့်ကို ယာဉ်မောင်း နယ်မြေ(၁) အမရပူရမြို့နယ် မန္တလေးမြို့နေသူအား အင်းတော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဝ၇၈ (နီတိုး)