မောင်တော ၆ မေ
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဂျာမနီနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေအထောက်အပံ့ဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့် မာလ်တေဆာ အင်တာနေရှင်နယ်မှ ပူးပေါင်းဖွင့်လှစ်ပေးခဲ့သည့် အရန်သားဖွားဆရာမ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မောင်မောင်သိန်းက သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးလိုက်သည့် စာတွေ့၊ လက်တွေ့ အရန်သားဖွားပညာရပ်များကို မိမိတို့ကျေးရွာရောက်လျှင် အကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပြီး Malteser International မှ စီမံကိန်းညှိနှိုင်းရေးမှူး Mr.Rakesh Mohan မှ အရန်သားဖွားဆရာမ သင်တန်းပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အရန်သားဖွားဆရာမများအား သင်တန်းဆင်းလက်မှတ်နှင့် AUXILIARY MIDWIFERY KIT ဗူးများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။ သင်တန်းတွင် သင်တန်းဆရာ (၆)ဦးက သင်တန်းသူ (၁၈)ဦးအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၂၀၁၉ ခုနှစ် မေ ၆ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


