မကွေး ၆ မေ 

 

ယခုနှစ်မိုးရာသီတွင် မကွေးမြို့နယ်အတွင်း သီးနှံစိုက်ဧကများထဲ၌ GAP ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသုံးပြု၍ နှမ်းဧက (၁၃၅၀ဝ)ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

 

GAP နှမ်းနက်ကို နိုင်ငံတကာဈေးကွက်မှ စိတ်ဝင်စားနေပြီး ဝယ်လိုအားများလည်း မြင့်တက်နေခြင်း၊ သာမန်နှမ်းစိုက်တောင်သူများထက် GAP နှမ်းစိုက်ပျိုးသူတောင်သူများက အကျိုးအမြတ် ပိုမိုရရှိနေခြင်းတို့ကြောင့် ယမန်နှစ်က ဧက ၅၀ဝ၀ ခန့်သာ စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဧက ၈၅၀ဝ ကျော် ပိုမိုစိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်သည်။

 

“GAP စနစ်နဲ့စိုက်ပျိုးတဲ့ သီးပင်စားပင်တွေက အစားအစာဘေးကင်းလုံခြုံတယ်။ ဈေးကွက်လည်းဝင်တယ်။ ပုံမှန်စိုက်ပျိုးတဲ့နှမ်းတွေထက် အာမခံချက်လည်း ပိုရှိတဲ့အတွက် တောင်သူတွေက ဒီစနစ်ကို လိုက်ပါစိုက်ပျိုးလာတာပါ။ တစ်နှစ်ထက်တစ်နှစ် GAP စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးသွားနိုင်ဖို့ ဦးစီးဌာနအနေနဲ့ အခြားမိတ်ဖက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းက ပြောသည်။

 

ဓါတုပိုးသတ်ဆေးမဖျန်းဘဲ သဘာဝပိုးသတ်ဆေးကိုသာ အသုံးပြုခြင်း၊ စတင်စိုက်ပျိုးသည့်အချိန်မှ ရိတ်သိမ်းသည်အထိ မှတ်တမ်းများထားရှိခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများမှာ ဒေသခံတောင်သူများနှင့် တစ်ဖြည်းဖြည်းချင်း အကျွမ်းတဝင် ဖြစ်လာနေပြီဖြစ်ကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောဆိုသည်။

 

မကွေးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် နှမ်းဧက (၁၈၀ဝ၀ဝ)ကျော်ခန့်နှင့် မြေပဲဧက (၆၀ဝ၀ဝ) မှ (၈၀ဝ၀ဝ)အထိ စိုက်ပျိုးသွားရန် လျာထားကြောင်း၊ ယမန်နှစ်က GAP နှမ်းနက်ကို ကျေးရွာ (၄၈)တွင်သာ စိုက်ပျိုးခဲ့ရာမှာ ယခုနှစ်တွင် ကျေးရွာ ပေါင်း(၅၀)ကျော် တိုးချဲ့စိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

 

ဇေယျတု(မကွေး)