၆ မေ
ဗီယက်နမ်နိုင်ငံသည် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့မှုမှ ယခုနှစ်ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ နီးပါး ဝင်ငွေရရှိကာ နှစ်အလိုက် ၅ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အကြီးမားဆုံးသော တင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ယနေ့ပြောကြားခဲ့သည်။
ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့ရာအတွက် အခြားဈေးကွက်များတွင် ဂျပန်နိုင်ငံ၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့ပါဝင်ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ ရရှိရန် ကြိုးစားနေကြောင်း ထိုဝန်ကြီးဌာန က ဆိုသည်။
ပထမလေးလအတွင်း ဗီယက်နမ်နိုင်ငံသည် သစ်သီးများနှင့်ဟင်းသီးဟင်းရွက် တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၆၄၉ သန်း သုံးစွဲခဲ့ပြီး နှစ်အလိုက် ၄၂ ဒသမ ၄ ရာခိုင်နှုန်းထိ ထိုးတက်လာကာ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှာ အကြီးမားဆုံးသွင်းကုန် နိုင်ငံများဖြစ်လာကြောင်း သိရသည်။
ဗီယက်နမ် နိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ကျော်တန်ဖိုးရှိ သစ်သီး နှင့် ဟင်းသီးဟင်းရွက် တင်သွင်းခဲ့ပြီး ပို့ကုန် အနေဖြင့်အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ နီးပါးဝင်ငွေရရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းရုံးက ဆိုသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို