နေပြည်တော် ၆ မေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့နံနက် ၉ နာရီခွဲအထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော (၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ မွန်ပြည်နယ်တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။
နေ့အပူချိန်များမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် မေလ၏ ပုံမှန်အပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီ စင်တီဂရိတ်အထိ၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၂)ဒီဂရီ စင်တီဂရိတ် ပိုခဲ့ပြီး၊ ကချင်ပြည်နယ်တွင် မေလ၏ ပုံမှန် အပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန် ခန့်သာရှိခဲ့သည်။
ထူးခြားသည့် နေ့အပူချိန်များမှာ မုံရွာမြို့နှင့် ပေါက်မြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီနှင့် ကြေးမုံမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့နှင့် ဂန့်ဂေါမြို့တို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ထားဝယ်မြို့တွင် (၄.၆၈)လက်မ၊ ကျိုက္ခမီမြို့တွင် (၂.၈၀)လက်မ၊ ချောင်းဆုံမြို့တွင် (၂.ဝ၉) လက်မ၊ ရေးမြို့တွင် (၂.ဝ၅)လက်မ၊ ရှမ်းရွာသစ်မြို့တွင် (၁.၆၅)လက်မ၊ လောင်းလုံးမြို့တွင် (၁.၅၇)လက်မ၊ ကော့သောင်းမြို့တွင် (၁.၁၄) လက်မနှင့် ကျောက်တော်မြို့တွင် (ဝ.၈၃)လက်မတို့ ဖြစ်ကြသည်။
ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်သည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ထစ်ချုန်းရွာမည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန်ရာနှုန်း (၆၀) ဖြစ်သည်။
MDN