နေပြည်တော် ၆ မေ

နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ Civil Service College Singapore နှင့် Temasek Foundation International တို့ ပူးပေါင်း၍ မဟာဗျူဟာမြောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် Good Governance ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1515

 

ဆွေးနွေးပွဲတွင် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စီးပွားရေးကဏ္ဍဆိုင်ရာ မဟာဗျူဟာပြုပြင် ပြောင်းလဲမှုများအတွက် ကော်မတီက ညှိနှိုင်းဆောင်ရွက်နေသော ကိစ္စရပ်များတွင် စံလုပ်ထုံးလုပ်နည်းများ (Standard Operation Procedure) သည် လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသည် Good Governance ကို အထောက်အကူပြုသည့် စီးပွားရေးကဏ္ဍဆိုင်ရာ  စံလုပ်ထုံး လုပ်နည်းများအား စံအဖြစ် ရေးဆွဲနိုင်ရန် ပထမဆုံးခြေလှမ်းအဖြစ် စတင်နိုင်ခြင်း ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ဌာန၏ စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲရာတွင် ဝန်ကြီးဌာန တစ်ခုတည်းအနေဖြင့် မဟုတ်ဘဲ အစိုးရအဖွဲ့အစည်း တစ်ခုလုံးအတွက် ခြုံငုံ၍ ချိတ်ဆက်စဉ်းစားသည့် စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

1572

 

ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အ‌ခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

1649

 

ယင်းနောက် စင်ကာပူနိုင်ငံ ဒုတိယစာရင်းစစ်ချုပ် (ငြိမ်း) Mr. Teo Chee Khiang က စင်ကာပူနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (ငြိမ်း) Dr. Tan Chin Namက စင်ကာပူနိုင်ငံ၏ အနာဂတ် စီးပွားရေးပြုပြင် ပြောင်းလဲမှုများအတွက်ပြင်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ စင်ကာပူနိုင်ငံ၊ ဒုတိယစာရင်းစစ်ချုပ် (ငြိမ်း) Mr. TeoCheeKhiang၊ Senior Corporate Adviser နှင့် လူ့စွမ်းအားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (ငြိမ်း) Dr. Tan Chin Nam တို့က မဟာဗျူဟာမြောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် Good Governance ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

(သတင်းစဉ်)