နေပြည်တော် ၆ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)တို့ ပူးပေါင်း၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးပွဲ (Stakeholders Forum on the Implementation of the OSH Law) ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေဖြင့် စက်မှုကုန်ထုတ်ကဏ္ဍ တစ်ခုတည်းကိုသာ ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းကဏ္ဍ အားလုံးအကျုံးဝင်မှုရှိစေရေး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကို ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်ခဲ့သော နိုင်ငံများမှ အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ ကြာရှည်နေခဲ့ပြီး အတွေ့အကြုံကောင်း၊ ရလဒ်ကောင်းများ ရရှိထားသော စင်ကာပူနိုင်ငံ၊ ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကို ပြဋ္ဌာန်းပြီး လက်ရှိစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေဆဲ ဗီယက်နမ်နိုင်ငံ၊ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေပြဋ္ဌာန်းပြီး စတင်ကျင့်သုံးနေခဲ့သော ဖိလစ်ပိုင်နိုင်ငံများ၏ အတွေ့အကြုံများကို ရယူနိုင်ရန် အဆိုပါနိုင်ငံများမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ပြီး အတွေ့အကြုံများကို ရှင်းလင်းတင်ပြဆွေးနွေးစေမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အခင်းအကျင်းအသစ် တစ်ရပ်တွင် ယခင်ကထက် ပိုမိုအလေးထား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရန်ကုန်မှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Rory Mungoven က ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။
ထို့နောက် စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ၎င်းတို့နိုင်ငံများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံကောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် တိုးတက်ရေးအတွက် စကားဝိုင်းပုံစံဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို မေ ၇ ရက်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)