ရန်ကုန် ၆ မေ

 

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်၊ ခရီးသွားလာရေး လွယ်ကူစေရေးတို့ကို ရည်ရွယ်၍ ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရန် AIR KBZ Ltd က မှာယူထားသည့် ATR-72-600 (2019 Model) လေယာဉ်သစ်များအနက် လေယာဉ်အမှတ် MSN-1528 (XY-AMN) နှင့် MSN-1531 (XY-AMO) လေယာဉ်နှစ်စီးသည် လေယာဉ်ထုတ်လုပ်သည့် ပြင်သစ်နိုင်ငံမှတစ်ဆင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ယနေ့မွန်းလွဲပိုင်းက ရောက်ရှိလာသည်။

 

AIR KBZ Ltd သည်  ATR-72-600 (2019 Model) လေယာဉ်လေးစီး မှာယူထားခြင်းဖြစ်ပြီး ကျန်ရှိသည့် လေယာဉ်အသစ်နှစ်စီးမှာ ဇွန်လတွင် ထပ်မံရောက်ရှိမည်ဖြစ်သည်။ ယခုမှာယူထားသည့် လေယာဉ်များအနက် ဒုတိယအသုတ်အနေဖြင့် ဇွန်လတွင် နောက်ထပ်နှစ်စီးရောက်ရှိလာပါက ပြည်တွင်းတွင် ATR-72-600 အများဆုံးပိုင်ဆိုင်သော လေကြောင်းလိုင်းတစ်ခုဖြစ်လာမည်ဖြစ်ပြီး ပြည်တွင်းခရီးစဉ်များကို ယခုထက်ပိုမိုကောင်းမွန်ပြည့်စုံအောင် ပျံသန်းပြေးဆွဲပေးနိုင်တော့မည်ဖြစ်သည်။ ယခုထပ်မံရောက်ရှိလာသည့်  လေယာဉ်အသစ်များအတွက် အတွေ့အကြုံရှိ ကျွမ်းကျင်သော လေယာဉ်မှူးများ၊ အင်ဂျင်နီယာများနှင့် လေယာဉ်မောင်/မယ်များ ကြိုတင်ခေါ်ယူ သင်တန်းပို့ချလျက်ရှိသည်။ AIR KBZ Ltd သည် အသစ်လေးစီးအပါအဝင် စုစုပေါင်းလေယာဉ် (၁၀) စီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် အခြေပြုကာ ပြည်တွင်းခရီးစဉ်များဖြစ်သော နေပြည်တော်၊ ညောင်ဦး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ တာချီလိတ်၊ လားရှိုး၊ လွိုင်ကော်၊ ကလေး၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ခရီးစဉ်များတိုးချဲ့ပျံသန်းပြေးဆွဲလျက်ရှိပြီး မကြာမီ အိမ်နီးချင်းပြည်ပနိုင်ငံများသို့ တိုးချဲ့ပျံသန်းပြေးဆွဲရန် စီစဉ်လျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ အင်ဖာမြို့နှင့် ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ ဆူရတ်သန်နီ စသည့်မြို့များသို့ တိုက်ရိုက်ပျံသန်းရန် စီစဉ်လျက်ရှိသည်။ 

 

AIR KBZ Ltd ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ATR-72-600 ငါးစီး၊ ATR-72-500 တစ်စီးဖြင့် ပြေးဆွဲလျက်ရှိရာမှ ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေလုံခြုံစေရန် 2019 Model  ATR-72-600 လေးစီး ထပ်မံမှာယူခဲ့ခြင်းဖြစ်သည်။

 

သတင်း-ဖိုးသော်ဇင်

 

ဓာတ်ပုံ-စိုးညွန့်

 

age DSC_3