ရန်ကုန်  ၆  မေ 

 

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ကိစ္စရပ် များ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီးပြန်လည်သုံးသပ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပထမနေ့ကိုရန်ကုန်မြို့၊ Park Royal Hotel ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များ၊ ရခိုင် ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင် များနှင့်အကြံပေးဘုတ်အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံလူသားချင်းစာနာမှုညှိနှိုင်းရေးမှူးရုံး (AHA Centre)တို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာဝင်းမြတ်အေးကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် အစိုးရအနေဖြင့် စတင်တာဝန်ယူချိန်ကတည်းက ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် ပြဿနာများ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများကို စုံစမ်းဖော်ထုတ်နိုင်ရန်နှင့် သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများကို ဖော်ထုတ်အကြံပေး နိုင်စေရေးအတွက် ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ကော်မရှင်၏အကြံပြုချက်များသည် ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း၊ လုံခြုံရေး ဆိုင်ရာ အကြပ်အတည်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းများကို ဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် အရေးပါသည့် အကြံပြုချက် များဖြစ်ပါကြောင်း၊ရခိုင်ပြည်နယ်နှင့် နိုင်ငံအတွက်အကျိုးရှိမည့် အကြံပြုချက်များကို တစ်နှစ်ခွဲကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

၂၀၁၇ခုနှစ် ဩဂုတ်လဖြစ်စဉ်ဖြစ်ပွားမှုများမရှိခဲ့ပါက ယခုအခြေအနေထက် များစွာတိုးတက်မှုရှိအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းဖြစ်စဉ်များကြောင့် ၂၀၁၇ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ နှောင့်နှေးခဲ့ပါကြောင်း၊ သို့ရာတွင်၂၀၁၈ခုနှစ်အတွင်းပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊အားလုံးသိကြသည့်အတိုင်း ယခုအချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မတူညီသည့်လုံခြုံရေး ဆိုင်ရာ ပြဿနာများထပ်မံဖြစ်ပွားသဖြင့် နှောင့်နှေးခဲ့ရပါကြောင်း၊ ယင်းအခက်အခဲ ကိုလည်း ကျော်လွှားနိုင်မည်ဟုယုံကြည်ပါကြောင်း၊အမှန်အတိုင်းပြောရပါက အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းစဉ်သည် အလွန်သိမ်မွေ့ပြီး ခက်ခဲ သည့်လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ သို့သော်အစိုးရအနေဖြင့် အင်တိုက်အားတိုက် ကြိုးစား ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းကြုံတွေ့နေရသည့် ပြဿနာအများစုသည် ကာလရှည်ဖွံ့ဖြိုးရေးနိမ့်ကျခဲ့မှု၊ ယုံကြည်မှုအားနည်းခြင်းများကြောင့် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူအားလုံးကို အတူတကွတွေ့ဆုံ ဆွေးနွေးပြီးဆိုင်ရာ ကဏ္ဍအလိုက် သဘောတူညီမှုရရှိရေး ဆွေးနွေးမှုလုပ်ငန်းစဉ်သည် ခန့်မှန်းထားသည်ထက် ပိုခက်ခဲခဲ့ပါကြောင်း။

 

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမရှိဘဲ ရခိုင်ပြည်နယ်အတွင်း မည်သည့်လုပ်ငန်းကိုမျှ ဆောင်ရွက်၍မရသည်ကို အားလုံးနားလည်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆောင်ရွက်ရာတွင်လူမှုသဟဇာတဖြစ်ရေးသည် အရေးပါသောကြောင့် ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ နောက်ထပ်အရေးကြီးသည်မှာ တရားဥပဒေစိုးမိုးရေး ဖြစ်ပါကြောင်း၊ လက်ရှိကြုံတွေ့နေရသည့် လုံခြုံရေးအခက်အခဲကို ဖြေရှင်းနိုင်ရေး၊ နေရပ်စွန့်ခွာသူများကိုပြန်လည်လက်ခံနေရာချထားပေးရန်နှင့် အနာဂတ် တွင် အလားတူပြဿနာများ မဖြစ်ပွားစေရန် တရားဥပဒေစိုးမိုးရေးသည် အခြေခံအကျဆုံး ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးကို မြှင့်တင် နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အတူပါဝင် ဆောင်ရွက်ရန်ပြည်တွင်း၊ ပြည်ပမိတ်ဖက်အဖွဲ့ အစည်းများကိုဖိတ်ခေါ်ပါ ကြောင်း၊ မိမိတို့အစိုးရစတင်တာဝန်ယူစဉ်ကပင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဒေသဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်ခဲ့သကဲ့သို့ တည်ငြိမ်မှုရှိစေရေးကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ရခိုင်အပါအဝင်တစ်နိုင်ငံလုံးတွင် တိုးတက်မှုများကိုမြင်တွေ့နေရပြီ ဖြစ်ပါကြောင်း။

 

သိသာထင်ရှားသည့် သာဓကတစ်ခုကိုပြရမည် ဆိုပါက ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် (၂)နှစ်တာကာလအတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အား ရရှိရေးစသည့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာသည်ကို ပြလိုပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ပုံမှန်ပြန်လည် ဖြစ်စေရေးနှင့် ပိုမိုကောင်းမွန်လာစေရေးအတွက် အခြေခံကျသည့်လိုအပ်ချက်ဖြစ်သကဲ့သို့ ငြိမ်းချမ်းပြီးသာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက်အရေးပါပါကြောင်း။

 

ရခိုင်ပြည်နယ်အတွင်း IDP စခန်းများပိတ်သိမ်းရေးလုပ်ငန်းများကို အကြံပြုချက် မတိုင်မီကတည်းက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြံပေး ကော်မရှင်၏ကြားဖြတ်အစီရင်ခံစာတင်သွင်းပြီးပြီးချင်း IDP စခန်း (၃) ခုကိုပိတ်သိမ်းနိုင်ခဲ့ပါ ကြောင်း၊ နောက်ထပ်(၁)ကို၂၀၁၈ခုနှစ်အတွင်းပိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ပိတ်သိမ်း ဆဲစခန်း(၁)ခုကို စနစ်တကျပိတ်သိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း IDP စခန်းများပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာ ဗျူဟာ(မူကြမ်း)ကို ပြည်တွင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ ညှိနှိုင်း ရေးဆွဲခဲ့ပါကြောင်း။

 

နိုင်ငံသားဖြစ်မှု လုပ်ငန်းစဉ်သည်လည်း အရေးကြီးသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါ ကြောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းတွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် များရှိကြ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှိပါကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ပထမအဆင့်အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ အကြံပြုချက်အကောင်အထည်ဖော် ရေးတွင် အာဆီယံ၏ အခန်းကဏ္ဍကလည်းအရေးကြီးပါကြောင်း။

 

 မြန်မာနိုင်ငံအပေါ် နားလည်မှုအပြည့်အဝဖြင့် အစဉ်တစိုက်ကူညီပေးခဲ့ကြသည့် အာဆီယံနိုင်ငံများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ငြိမ်းချမ်း သာယာဝပြောရေးအတွက် အားသွန်ခွန်စိုက်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့်မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများအနေနှင့် နားလည်မှုရှိစွာဖြင့် ပါဝင် ကူညီဆောင်ရွက်ပေးကြရန်ဖိတ်ခေါ်လိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ရာ မှ ရှေ့ဆက်ဆောင်ရွက်ရေးလုပ်ငန်းများကို ပါပုံဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏အကြံပေးဘုတ်အဖွဲ့ဝင်Rt. Hon. Lord Darzi of Denham က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု တိုးတက်မှုများကို မြင်တွေ့နေရပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်နေရသည့် အခက်အခဲများသည် အခုမှကြုံတွေ့ရသည့် အခက်အခဲများမဟုတ်ဘဲ ကာလရှည်ကြာ ဖြစ်ပွားခဲ့သည့် သိမ်မွေ့စွာဖြေရှင်းရမည့် လုပ်ငန်းတွေညှိနှိုင်းဆွေးနွေးမှုများကတစ်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ခြင်းကြောင့်ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများတွင် ရလာဒ်ကောင်းများရရှိလာစေရေးနိုင်ငံတကာအသိုက်အဝန်းအနေဖြင့်ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း မှတ်ချက်ပြုစကားပြောကြားသည်။

 

ဆက်လက်၍ ကဏ္ဍအလိုက်ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ ခြုံငုံသုံးသပ် ချက်အစီအစဉ်၏ သဘာပတိအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးဆောင် ဆွေးနွေးသူအဖြစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ပြန်လည်ဆွေးနွေးသူအဖြစ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌဦးဝင်းမြတို့ကဆောင်ရွက်ကြသည်။

 

မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ အခန်းကဏ္ဍ သုံးသပ်ချက်အစီအစဉ်၏ သဘာပတိအဖြစ် ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ ဦးဆောင် ဆွေးနွေးသူအဖြစ် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ပြန်လည် ဆွေးနွေးသူအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က ဆောင်ရွက်ကြသည်။

 

ယင်းနောက် အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre)နှင့်အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့ (ERAT) တို့၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအခန်းကဏ္ဍ သုံးသပ်ချက် အစီအစဉ်၏ သဘာပတိအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူ၊ ဦးဆောင်ဆွေးနွေးသူများအဖြစ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးဘုတ်အဖွဲ့ဝင်ဦးထွန်းမြတ်နှင့် AHA Centre မှ Deputy Executive Director, Mr. ArnelCapiliတို့က လည်းကောင်း၊ ပြန်လည်ဆွေးနွေးသူအဖြစ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးဘုတ်အဖွဲ့ဝင် ဦးလှမြင့်တို့က ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသူများက အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့၏ ကဏ္ဍအလိုက် ဆွေးနွေးမှုများအပေါ်သိရှိလိုသည်များကို မေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)