၇  မေ

 

အယ်လ်ခိုင်ဒါစစ်သွေးကြွအဖွဲ့ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင် အိုစမာဘင်လာဒင်ဟာ ပါကစ္စတန်နိုင်ငံ အဘူတာဘက်မြို့မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နင်းမှုကြောင့် သေဆုံးသွားခဲ့တာ အခုဆိုရင် ရှစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ၎င်းဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းဟာဆိုရင် ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဂျီဟတ်စစ်သွေးကြွအုပ်စုဖြစ်ပြီး ရာထောင်ချီတဲ့ တိုက်ခိုက်ရေးသမားတွေကို ညွှန်ကြားမှုတွေ လုပ်ဆောင်နေပါတယ်။

 

အရှိန်အဝါကျဆင်း

 

ဒီလိုတွေလုပ်ဆောင်နိုင်အောင်လည်း အဖွဲ့ဟာ ငွေကြေးရင်းမြစ်တစ်ခုရှိနေတယ်လို့ ယူဆရပါတယ်။ သို့သော်လည်း ခေါင်းဆောင်ဖြစ်တဲ့ အိုစမာဘင်လာဒင် သေဆုံးသွားတာက တစ်ကြောင်း၊ အိုင်အက်စ်လို့ခေါ်တဲ့ အစ္စလာမ္မစ် အစွန်းရောက်စစ်သွေးကြွအဖွဲ့ ပေါ်ထွက်လာတာက တစ်ကြောင်းရယ်ကြောင့် အယ်လ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့ရဲ့ အရှိန်အဝါနဲ့ လွှမ်းမိုးမှုဟာ အတော်လေးကို ကျဆင်းသွားခဲ့ပါတယ်။ ဒီတော့ ယနေ့အခါမှာ အယ်လ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့ကြီးဟာ ဘယ်လောက်ထိအောင် လွှမ်းမိုးမှုရှိနေသလဲ။ ပြီးတော့ ကမ္ဘာ့လုံခြုံရေးကို ဘယ်လိုခြိမ်းခြောက် လာသလဲ ဆိုတာကို မှန်းဆကြည့်ကြပါမယ်။

 

အနောက်နိုင်ငံတွေကိုတိုက်ခိုက်ဖို့အားထုတ်

 

မကြာသေးခင်နှစ်တွေအတွင်း အိုင်အက်စ်အဖွဲ့က သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းတွေမှာ နေရာယူစိုးမိုးလာချိန် အယ်လ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့ဟာ ဒေသတွင်းက အုပ်စုတွေနဲ့အတူ တိတ်တဆိတ်ပြန်လည်ထူထောင်လာပြီး မဟာမိတ်တွေကို ရှာဖွေစုစည်းတဲ့ နည်းဗျူဟာတစ်ရပ်ကို အသုံးချနေခဲ့ပါတယ်။ နောက်ဆုံးထွက်ပေါ်ခဲ့တဲ့ သတင်းဖော်ပြမှုတွေထဲမှာ အမေရိကန်အမျိုးသားထောက်လှမ်းရေးအဖွဲ့က အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင်တွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် òန်ကြားမှုဖွဲ့စည်း ပုံကွန်ရက်ကို ခိုင်မာအောင် အားဖြည့်နေသလို အနောက်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ဆက်လက် တွန်းအားပေးနေခဲ့ပါတယ်။

 

နိုင်ငံတကာအထိထိုးဖောက်ဖို့ ရည်ရွယ်ထား

 

ကမ္ဘာလုံးဆ်ိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ယခုနှစ်အစောပ်ိုင်းမှာဖော်ပြခဲ့တဲ့ အစီရင်ခံစာထဲမှာ အယ်လ်ခိုင်ဒါစစ်သွေးကြွအဖွဲ့ဟာ ပိုပြီးရည်မှန်းချက်ကြီးမားတဲ့ အသွင်နဲ့ ပေါ်ထွက်လာတယ်၊ နောက်ကောက်ကျနေတဲ့ အနေအထားကနေ တစ်ဟုန်ထိုး ပြန်ထူထောင်လာပြီး ဒေသအများအပြားမှာ ထကြွလှုပ်ရှား လာသလို နိုင်ငံတကာအထိ ထိုးဖောက်ဖို့ဆိုတဲ့ ရည်မှန်းချက် ကို စွဲကိုင်ထိန်းသိမ်းထားတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။ ယခုနှစ်ဖေဖော်ဝါရီလတုန်းက ဗြိတိန်ထောက်လှမ်းရေး အကြီးအကဲ အလက်စ်ယန်က အယ်လ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့ ပြန်လည်ပေါ်ပေါက်လာမှုနဲ့ ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။

 

နည်းဗျူဟာသစ်တွေမွေးဖွားလာ

 

အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ကြမ်းတမ်းတဲ့ဒရုန်း စစ်ဆင်ရေး၊ အဖွဲ့ခေါင်းဆောင် ဘင်လာဒင်သေဆုံးမှုနဲ့ အစ္စလာမ္မစ် အစွန်းရောက်စစ်သွေးကြွအဖွဲ့ ရဲ့စိန်ခေါ်မှုတွေက အယ်လ်ခိုင်ဒါစစ်သွေးကြွအဖွဲ့ကို နည်းဗျူဟာအသစ်တွေ မွေးဖွားစေဖို့ ဖြစ်လာစေခဲ့ပါတယ်။ အယ်လ်ခိုင်ဒါအဖွဲ့ဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနဲ့ တောင်အာရှဒေသတွေမှာ အဖွဲ့ခွဲ ကွန်ရက်တွေကိုလည်း အောင်အောင်မြင်မြင် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒီအဖွဲ့တွေဟာဆိုရင် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေထဲမှာ ဇာတ်မြှုပ်ခိုအောင်းနေကြပြီး အယ်လ်ခိုင်ဒါစစ်သွေးကြွ အဖွဲ့ခေါင်းဆောင်ကို သစ္စာခံဖို့ ကျမ်းကျိန်ထားကြသူတွေဖြစ်ပါတယ်။

 

လူထုနဲ့ကင်းကွာမှုမရှိ

 

အ်ိုင်အက်စ်အဖွဲ့နဲ့မတူတဲ့အချက်ကတော့ အယ်လ်ခိုင်ဒါအဖွဲ့ဟာ ဒေသဆိုင်ရာလူထုအဖွဲ့အစည်းတွေနဲ့ ကင်းကွာစေမှု မရှိအောင် အထူးသတိထားတယ် ဆိုတာပါပဲ။ အဖွဲ့ရဲ့ နည်းဗျူဟာသစ်တွေထဲက တစ်ခုကတော့ ဒေသဆိုင်ရာ မဟာမိတ်တွေ ထူထောင်ဖွဲ့စည်းပြီး လူမှုအဖွဲ့အစည်းဖွံ့ ဖြိုး တိုးတက်ရေးအစီအစဉ်တွေမှာ စေ့စပ်ညှိနှိုင်းပါဝင်မှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်မှာ အယ်လ်ခိုင်ဒါစစ်သွေး ကြွအဖွဲ့ဟာ ၎င်းရဲ့အဖွဲ့အစည်းအတွင်းမှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မိတ်ဆက်တဲ့ ဂျီဟတ်စစ်သွေးကြွများအတွက် အထွေထွေလမ်းညွှန်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

 

ပစ်မှတ်ကိုလမ်းညွှန်ပေး

 

အဲဒီထုတ်ပြန်ချက်ထဲမှာပါရှိတဲ့ တခြားသောအကြောင်း အရာများအနက် ပိုပြီးထိန်းချုပ်မှုရှိတဲ့ လူထုအခြေပြုချဉ်းကပ်မှုကို အလေးပေးဖော်ပြထားပြီး လူအစုလိုက်အပြုံလိုက်အုံကြွမှု၊ တော်လှန်မှုဖြစ်လာစေမယ့် အပြုအမူမျိုးတွေကို ရှောင်ရှားဖို့ တိုက်ခိုက်ရေးသမားတွေကို ညွှန်ကြားထားတာကို တွေ့ရပါတယ်။ အယ်လ်ခိုင်ဒါစစ်သွေးကြွအဖွဲ့ဟာ ဒေသဆိုင်ရာ ပြည်သူလူထုက အထူးစိုးရိမ်တဲ့အရာ ဥပမာအကျင့်ပျက်ခြစားမှု သို့မဟုတ် ပမာမခန့်ပြုလုပ်မှုတွေမှာ ပစ်မှတ်ကို လမ်းညွှန်ပေးတဲ့ အတတ်ပညာရပ်ကို ကောင်းစွာတတ်မြောက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်အဖွဲ့ရဲ့ အစီအစဉ်တွေထဲကို အဖွဲ့သားတွေကို အလိုက်သင့် သွတ်သွင်းလိုက်နိုင်သူတွေဖြစ်တယ်လို့ အောက်စဖို့ဒ်ရှိ Pembroke  ကောလိပ်မှ ဒေါက်တာအယ်လီဆာဘက် ကန်ဒေါလ်က ပြောကြားခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ အယ်လ်ခိုင်ဒါစစ်သွေးကြွအဖွဲ့ဟာ အဖွဲ့ခွဲတွေနဲ့ ဆက်စပ်အဖွဲ့အစည်း အမျိုးမျိုးကနေတစ်ဆင့် တိုက်ခိုက်မှုတွေကို တိုးပြီးလုပ်ဆောင်လာနေပါတယ်။၂၀၁၈ ခုနှစ်မှာတုန်းကဆိုရင် ကမ္ဘာတစ်ဝန်းမှာ တိုက်ခိုက်မှုပေါင်း ၃၁၆ ခုကို လုပ်ဆောင်ခဲ့တယ်လို့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုတည်နေရာနဲ့ ဒေတာပရောဂျက်အဖွဲ့က စုစည်းထားတဲ့ အချက်အလက်တွေအရသိရပါတယ်။

 

အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ ခြင်္သေ့တစ်ကောင်ဘယ်မှာလဲ

 

အယ်လ်ခိုင်ဒါအဖွဲ့ကို လက်ရှိဦးဆောင်နေတဲ့ခေါင်းဆောင် အီမန်အယ်လ် ဇာဝါဟီရီက ၂၀၁၅ ခုနှစ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ လူငယ်တစ်ဦးကို မိတ်ဆက်ပေးလိုက်ပြီး ဘင်လာဒင်ရဲ့ အကြမ်းဖက်ကွန်ရက်မှ ခြင်္သေ့တစ်ကောင်အဖြစ် တင်စားဖော်ပြခဲ့ပါတယ်။ အဲဒီလူငယ်ကတော့ သေဆုံးသွားပြီဖြစ်တဲ့ အိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူ ဟမ်ဇာဘင်လာဒင်ဖြစ်ပြီး အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ အနာဂတ်ခေါင်းဆောင်လို့ ကျယ်ကျယ်ပြန့်ပြန့် သိထားကြတဲ့သူ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ဟမ်ဇာပုန်းအောင်းတဲ့နေရာ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာတစ်သန်း ဆုကြေးပေးဖို့ ကမ်းလှမ်းထားပါတယ်။

 

ဖခင်အတွက် လက်တုံ့ပြန်တိုက်ခိုက်မည်

 

သက် ၃၀ ရှိပြီဖြစ်တဲ့ ဟမ်ဇာကို အယ်လ်ခိုင်ဒါအဖွဲ့ ထောက်ခံတဲ့ ဝက်ဘ်ဆိုက်တွေမှာ ထွန်းတောက်နေတဲ့ ကြယ်တစ်ပွင့်အဖြစ် တင်စားထားသလို ဂျီဟတ်စစ်သွေးကြွအဖွဲ့ရဲ့ နောက်မျိုးဆက်ကို ရှင်သန်ပေါက်ဖွားစေမယ့်သူ တစ်ဦးအဖြစ် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း ဟမ်ဇာဟာ ၎င်းရဲ့ဖခင်သေဆုံးမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ၎င်းရဲ့နောက်လိုက်တပည့်သားတွေကို အမေရိကန်နဲ့ ၎င်းရဲ့အနောက်မဟာမိတ်နိုင်ငံတွေကို တိုက်ခိုက်ကြဖို့ တိုက်တွန်းတဲ့ ရုပ်သံဖိုင်တွေ၊ အသံဖိုင် မက်ဆေ့ခ်ျတွေကို ထုတ်လွှင့်ခဲ့ပါတယ်။

 

မဟာဗျူဟာ ကြွယ်ဝလာစေ

 

အိုင်အက်စ်အဖွဲ့ရဲ့ ကျဆုံးမှုဟာ အယ်လ်ခိုင်ဒါစစ်သွေးကြွ အဖွဲ့ကွန်ရက်တွေကို တွေးခေါ်မြော်မြင်မှုရှိလာစေတဲ့ အပြင် ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာကျကျ ပိုမိုဆောင်ရွက်တတ်လာအောင် လမ်းပြပေးနေသလိုမျိုး ဖြစ်စေခဲ့တယ်။ အယ်လ်ခိုင်ဒါ စစ်သွေးကြွအဖွဲ့ဟာ မဟာဗျူဟာကြွယ်ဝတဲ့ခေါင်းဆောင် တစ်ဦးကို ပိုင်ဆိုင်ထားတဲ့ အခြေအနေအပေါ်မှာ ပိုပြီးမှီခို အားထားပြုလာနေတယ်။ ဒီအခြေအနေက ပါကစ္စတန်မှာ နှိမ်နင်းခံရပြီး သေဆုံးသွားတဲ့ အိုစမာဘင်လာဒင်ရဲ့သားဖြစ်သူ ဟမ်ဇာဘင်လာဒင်ကို အယ်လ်ခိုင်ဒါအဖွဲ့ရဲ့ ခေါင်းဆောင် အနေနဲ့ ၎င်းရဲ့ဖခင်နေရာမှာ ဝင်ရောက်အစားထိုးနေရာယူဖို့ ကြိုးပမ်းတဲ့နေရာမှာ အထောက်အကူရရှိစေခဲ့ပြီဖြစ်တယ်လို့ ဒီအဖွဲ့နဲ့ပတ်သက်ပြီး လေ့လာစောင့်ကြည့်နေသူတွေက သုံးသပ်ပြောကြားခဲ့ပါတယ်။

 

ကိုးကား - ဘီဘီစီ၊ ဆင်ဟွာ