ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စင်းနှင့် ၁၀ဘီးကုန်တင်ကားတို့ မျက်နှာချင်းဆိုင်တိုက်ခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပြီး ၇၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ယနေ့ ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုမှာ ကွီဇုံပြည်နယ် အတီမွန်နန်မြို့တွင် တနင်္လာနေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကုန်ကားမောင်းသူ၊ ၄င်း၏အကူနှင့် ခရီးသည်တစ်ဦးတို့မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ခရီးသည်တင်ယာဉ်မှာ မနီလာမြို့တော်တောင်ဘက်ရှိ ဘီကိုလ်ဒေသသို့ သွားရောက်နေပြီး ထရပ်ကားမှာ မနီလာမြို့တော်သို့ ဦးတည်သွားရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ဘတ်စ်ကားမောင်းသူမှာ နှစ်လမ်းသွားအဝေးပြေးလမ်းမတွင် ယာဉ်အများအပြားကို ကျော်တက်ရန်ကြိုးစားစဉ် မျက်နှာချင်းဆိုင်မှလာသည့် ထရပ်ကားနှင့် ခေါင်းချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုများ အရ သိရသည်။
ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
