ရေစကြို ၇ မေ
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ အမှတ်(၈) ဇေယျဝတီရပ်ကွက်ရှိ ဗလငါးတန်စာကြည့်သင်းက ကြီးမှူး၍ ကိုယ်ကာယလှပ၍ ကျန်းမာကြံ့ခိုင်သော လူငယ်မောင်မယ်များ ပေါ်ထွန်းလာရေအတွက် ကာယဗလ အခြေခံသင်တန်းကို မေ ၁၀ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဗလငါးတန်းစာကြည့်သင်းကကြီးမှူးပြီး ကာယဗလနဲ့ ကိုယ်ကာယကြံ့ခိုင်မှု အားကစားနည်း သင်တန်းကို မေ ၁၀ ရက်တွင် ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းကို မျက်မှောက်ကာလမှာ လူငယ်အများစုက အိမ်နဲ့ကျောင်း၊ ကျူရှင်နဲ့ ညစာကြည့်တန်း စတာတွေနဲ့ အချိန်ကုန်နေကြတော့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုအားနည်းတာ မြင်တွေ့နေရတယ်။ ယောကျာ်းပီပီသသ ကိုယ်ကာယတောင့်တင်းလှပကာ ကျန်းမာကြံ့ခိုင်တဲ့ လူငယ်မောင်မယ်တွေကို မွေးထုတ်ပေးလိုတဲ့ စေတနာနဲ့ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ နည်းစနစ်မှန်မှန် လေ့ကျင့်နိုင်ဖို့ မကွေးတိုင်းဒေသကြီး အးကစားနှင့် ကာယပညာဦးစီးဌာန အလေးမနှင့် ကာယဗလကြံ့ခိုင်မှု နည်းပြချုပ် ဦးတင်နုက လေ့ကျင့်သင်ကြားပေးမည်ဖြစ်တယ်” ဟု ဗလငါးတန်စာကြည့်သင်း နာယက ဦးအောင်ဆန်း(အောင်သိန္ဓိ)က ပြောသည်။
အဆိုပါ ဗလငါးတန်စာကြည့်သင်းမှ ၂၀၁၄ ခုနှစ်တွင် ကာယဗလအခြေခံသင်တန်းကို ပထမအကြိမ် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၁၅ ဦး တက်ရောက်ခဲ့ကြပြီး ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၆၉)နှစ်မြောက် လွပ်လပ်ရေးနေ့အထိမ်းအမှတ် ကာယအလှမောင်ပြိုင်ပွဲတွင် သင်တန်းသား ၄ ဦး ယှဉ်ပြိုင်ခဲ့ရာ မောင်ကျော် က (ပထမ)၊ မောင်အောင် က (ဒုတိယ)နှင့် ကျော်ဇေယျနှင့် ကျော်မင်းထိုက်တို့က နှစ်သိမ့်ဆုများရရှိခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲတွင် မောင်ကျော်က တတိယဆု ရရှိခဲ့ကြောင်း သိရသည်။
ဖေထွဏ်းဇော်(ရေစကြို)


