ရန်ကုန် ၇ မေ

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှုူးကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ရာတွင် မြန်မာအသင်းသည် Pot-4 ၌ ပါဝင်ခဲ့သည်။ 

နောက်ဆုံးအဆင့်ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ထိုင်းအပါအဝင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရ လေးသင်း၊ ခြေစစ်ပွဲအောင် လေးသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုမဲခွဲပွဲကို မေ ၂၃ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး Pot-1 တွင် ထိုင်းနှင့် လက်ရှိချန်ပီယံဂျပန်၊ Pot-2 တွင် မြောက်ကိုရီးယား၊ တရုတ်၊ Pot-3 တွင် သြစတြေးလျနှင့် တောင်ကိုရီးယား၊ Pot-4 တွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ခြေစွမ်းအဆင့်မီစွာ ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်သွားမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ဇွန်လလယ်တွင် စတင်လေ့ကျင့်ပြင်ဆင်မည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်မည် ဖြစ်သည်။ 

မြန်မာအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲတွင် ဥဇဘက်ကစ္စတန်ကို တစ်ဂိုး-ဂိုးမရှိ၊ နီပေါကို နှစ်ဂိုး-တစ်ဂိုးဖြင့်နိုင်ကာ သြစတြေးလျကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ခြောက်မှတ်ဖြင့် ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်