နေပြည်တော် ၇ မေ 
    

 

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ကျင်းပသည်။ 
    

 

အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ အစိုးရအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
    

 

အဆိုပါအစည်းအဝေးတွင် ကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် ပြည်ပရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်စိစစ်လက်ခံရာတွင် သက်ဆိုင်ရာ နိုင်ငံတို့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မိမိနိုင်ငံသားမဟုတ်သူများ ပါဝင်လာမှုမရှိစေရေး၊ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ လတ်တလော လိုအပ်ချက်များအပေါ် ထောက်ပံ့ဖြည့်ဆည်းပေးနိုင်ရေး၊ မလိုလားအပ်သည့် လူကုန်ကူးမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးနှင့် နေရပ်သို့ပြန်လည်ထွက်ခွာရန် အဆင်ပြေချောမွေ့စေရေး စသည်တို့ကို ထိရောက်စွာအကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သတင်းကြိုတင် ဆက်သွယ်ရယူရေးနှင့် သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ စိစစ်လက်ခံရေးဆပ်ကော်မတီနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် နေရာချထား ရေးဆပ်ကော်မတီစသည့် ဆပ်ကော်မတီ (၃)ခု ဖွဲ့စည်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးသည်။ 
    

 

ထို့ပြင်  ဗဟိုကော်မတီနှင့် ဆပ်ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆပ်ကော်မတီများ၊ ခရိုင်/မြို့နယ်အဆင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားရေး၊ ကော်မတီအသီးသီး ဖွဲ့စည်းပုံ သတ်မှတ်ခြင်းနှင့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားမျာအား ပြန်လည်လက်ခံမည့်ဂိတ်များ သတ်မှတ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။ 

 


(သတင်းစဉ်)