တက္ကသိုလ်ပွင့်သူအောင်
နှစ်စဉ် မေလ ၈ ရက်သည် “ကမ္ဘာ့ကြက်ခြေနီနေ့”( World Red Cross Day)ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးသည် မေလ ၈ ရက်နေ့ရောက်တိုင်း ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပကြသည်။ ယင်းကဲ့သို့ ကျင်းပရခြင်းမှာ ကြက်ခြေနီ လူမှုကရုဏာ လုပ်ငန်းများတွင် မေတ္တာ၊ ကရုဏာ၊ စေတနာတို့ဖြင့် စွမ်းစွမ်းတမံ ပါဝင်ကူညီပေးနေကြသော နှလုံးသားလှသည့် ကြက်ခြေနီမောင်မယ်တို့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပေးခြင်းပင်ဖြစ်သည်။
နောက်ခံသမိုင်း
လွန်ခဲ့သော ၁၈၅၉ ခုနှစ် ဇွန်လ ၂၄ ရက်တွင် အီတလီနိုင်ငံ မြောက်ဘက်ရှိ “ဆိုဖာရီနို”ဟုခေါ်သော ကျေးရွာအနီး၌ ပြင်သစ်နှင့် သြစတြီးယားတပ်များ တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ ၁၆ နာရီအကြာတွင် သေကျေဒဏ်ရာရရှိသူပေါင်း ၄၀ဝဝဝ ကျော်ခန့်သည် စစ်မြေပြင်တစ်ခုလုံး မြင်မကောင်းအောင် ပြန့်ကျဲနေသည်။ ယင်းနေ့ခင်းမှာပင် ဆွစ်ဇာလန်နိုင်ငံသားဖြစ်သူ “ဟင်နရီဒူးနန့်”( Henry Dunant ) သည် စီးပွားရေးကိစ္စတစ်ခုဖြင့် ခရီးထွက်ခွာလာရင်း ယင်းဒေသကို ဖြတ်ကျော် ရောက်ရှိခဲ့သည်။
စစ်မြေပြင်ပေါ်ရှိ နှစ်ဖက်စစ်ဖြစ်ပွားသူများမှ ထောင်ပေါင်းများစွာသော စစ်သားများသည် ဆေးဝါးကုသ ပြုစုစောင့်ရှောက်ပေးမှု တစ်စုံတစ်ရာမရှိဘဲ ဒဏ်ရာဒဏ်ချက်များဖြင့် ဝေဒနာ ခံစားနေရသည့် မြင်ကွင်းက ဟင်နရီဒူးနန့်ကို ထိတ်လန့်သွားစေခဲ့သည်။ ထို့ကြောင့် ဟင်နရီဒူးနန့်သည် ဒေသခံကျေးရွာသူ ကျေးရွာသားများအား သူနှင့်အတူ ဒဏ်ရာရရှိနေကြသည့် စစ်သည်များကို ပြုစုကူညီပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ ထို့ပြင် နှစ်ဖက်စလုံးမှ စစ်သည်များကို ကျောသားရင်သားမခွဲခြားကြဘဲ ပြုစုကုသပေးရန် ထပ်တလဲလဲပြောသည်။
ထို့နောက် ဟင်နရီဒူးနန့်သည် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်ရောက်သောအခါ “ဆိုဖာရီနို အောက်မေ့ဖွယ်”စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းအရပ်တွင် စစ်ဖြစ်ချိန်၌ ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ပေးမှုအတွက် အရန်အသင့်ဖြစ်ရန်နှင့် သူနာပြုများပါဝင်သော ကယ်ဆယ်ရေးအဖွဲ့များ ငြိမ်းချမ်းရေးကာလမှာပင် ဖွဲ့စည်းထားရန်၊ စစ် - ဆေးတပ်ဖွဲ့ များအား အကူအညီပေးရန် ဆင့်ခေါ်ထားသော စေတနာ့ဝန်ထမ်း လုပ်အားရှင်များအား အပြည်ပြည်ဆိုင်ရာ သဘောတူ ညီချက်တစ်ရပ်ဖြင့် အသိအမှတ်ပြုရန်နှင့် အကာအကွယ်ပေးရန်ဟူသော မေတ္တာရပ်ခံချက် နှစ်ခုကို တင်ပြခဲ့သည်။
ဟင်နရီဒူးနန့်၏ မေတ္တာရပ်ခံချက်များကြောင့် ၁၈၆၃ ခုနှစ်၌ ဂျီနီဗာ လူမှုဖူလုံရေးအသင်းဟု လူသိများသော ကုသိုလ်ဖြစ်အသင်းသည် ငါးဦးကော်မရှင်တစ်ရပ ဖွဲ့စည်းခဲ့ရာ ယင်းအသင်း၌ ဟင်နရီဒူးနန့်လည်း ပါဝင်ခဲ့သည်။ ထိုကော်မရှင်သည် ဒဏ်ရာရရှိထားသူများအား ပြုစုစောင့်ရှောက်ရေးနှင့်ဆိုင်သော အပြည်ပြည်ဆိုင်ရာကော်မတီ (International Committee for Relief to the Wounded) ကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီသည် နောက်ပိုင်း၌ “အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ”( International Committee of the Red Cross -ICRC) ဖြစ်လာခဲ့သည်။ ထို ICRC ၏ တက်ကြွနိုးကြားသော လှုပ်ရှားမှုသက်တမ်းသည်ပင်လျှင် နှစ်ပေါင်း ၁၅၆ နှစ်ရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ဤသို့သော သက်တမ်းရင့် လူမှုအကျိုးပြု ပရဟိတအဖွဲ့အစည်းမျိုးမှာ ရှားလှသည်။
ယင်းငါးဦးကော်မရှင်၏ ဖိတ်ကြားချက်အရ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် ပရဟိတ အသင်းလေးသင်းတို့သည် ၁၈၆၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင် ဂျီနီဗာ၌ကျင်းပသော အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ ၎င်းတို့၏ ကိုယ်စားလှယ်များကို စေလွှတ်ခဲ့သည်။ ထိုအပြည်ပြည်ဆိုင်ရာ ညီလာခံမှ ဆွစ်ဇာလန်နိုင်ငံတော် အလံကို အရောင်များ ပြောင်းပြန်ပြုလုပ်၍ အဖြူရောင်နောက်ခံပေါ်တွင် အနီရောင်ကြက်ခြေနီ ပါရှိသည့် သင်္ကတေကို သတ်မှတ်ခဲ့ရာမှ ကြက်ခြေနီဟူ၍ စတင်ပေါ်ပေါက် လာခဲ့ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့ကြက်ခြေနီနေ့ကို ၁၈၂၈ ခုနှစ် မေလ ၈ ရက်တွင် မွေးဖွားခဲ့သော ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသောအားဖြင့် မေလ ၈ ရက် သတ်မှတ်ခဲ့သည်။ ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူးနန့်မှာ ငယ်စဉ်ကပင် ဘာသာတရားကိုင်းရှိုင်းသူ ဖြစ်သည်။ ဟင်နရီးဒူးနန့်သည် ၁၉၀၁ ခုနှစ်၌ ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့သည်။ ၁၉၁၀ ပြည့်နှစ်၌ ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူးနန့်မှာ ကွယ်လွန်ခဲ့သည်။
ကြက်ခြေနီ၏ အခြေခံမူ (၇) ချက်
ယနေ့ကမ္ဘာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ လှုပ်ရှားမှုသည် နိုင်ငံအားလုံးနီးပါး၌ တည်ရှိပြီး ယုံကြည်ချက်အပြည့်အဝ ကိုယ်စီဖြင့် လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ ယင်းအဖွဲ့များတွင် အဖွဲ့ဝင်နှင့် စေတနာလုပ်အားရှင်ပေါင်းသန်း ၁၀ဝ ခန့် ပါဝင်ကြောင်း သိရသည်။ အထူးသဖြင့် ကြက်ခြေနီ၏ အခြေခံမူ (၇) ချက်မှာ လူသားချင်း စာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်မှုရှိခြင်း၊ စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ ခြင်းတို့ပင်ဖြစ်သည်။
ယင်းအခြေခံမူ (၇) ချက်ကြောင့် ကြက်ခြေနီနှင့် လခြမ်းနီ လှုပ်ရှားမှုသည် စည်းလုံးညီညွတ်မှု၊ ယုံကြည်မှုတို့ရှိနေပြီး ထိုအခြေခံမူများက လမ်းညွှန်ထားသည့်အတိုင်း လူမှုကရုဏာ လုပ်ငန်းများကို ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းကို ၁၉၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းဖက်ဒရေးရှင်းသည် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေများတွင် လမ်းညွှန်မှုပေးခြင်း၊ အဖွဲ့အစည်းများအကြား ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုကြီး
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု ကြီးကို (က) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ (ခ) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ (ဂ) အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖြင့် ဖွဲ့စည်းထားသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီသည် ဘက်လိုက်မှုကင်း၍ ကြားနေပြီး လွတ်လပ်စွာ ရပ်တည်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကော်မတီ၏ လုပ်ငန်းတာဝန်မှာ လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ စစ်မက်ပဋိပက္ခများနှင့် ပြည်တွင်း အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်နေသူများ၏ အသက်နှင့် လူ့သိက္ခာတို့ကို အကာအကွယ် ပေးရန်နှင့် လိုအပ်သော အထောက်အပံ့များ ပေးရန်ဖြစ်သည်။ ၁၈၆၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ လှုပ်ရှားမှုကြီး၏ မူလအစပင်ဖြစ်သည်။ ယင်းလှုပ်ရှားမှုများမှာ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် ရှိနေသောကြောင့်၊ အဖွဲ့ဝင်နှင့် စေတနာလုပ်အားရှင်ပေါင်း သန်း ၁၀ဝ ခန့် ပါဝင်လှုပ်ရှားလျက်ရှိ သည်။ အထူးသဖြင့် ICRC သည် စစ်ပွဲများတွင် လည်းကောင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် ဝါဒရေးရာ အငြင်းပွားမှုများတွင်လည်းကောင်း ဘက်လိုက်မှုမရှိဘဲ ကြားနေပြီး ဒုက္ခရောက်သူများအနက် အရေးအကြီးဆုံးနှင့် အဆောတလျင် အကူအညီ ပေးရမည့်ကိစ္စများကို ဦးစားပေး ဆောင်ရွက်လေ့ရှိသည်။ ထို့ပြင် လူတိုင်း၏ စိတ်ချယုံကြည်မှုကို အမြဲတမ်းရရှိစေရန် အားထုတ်လျက် ရှိနေခြင်းကြောင့် အပြစ်မဲ့ ပြည်သူများအတွက် အားကိုးအားထားပြုရာ အဖွဲ့အစည်းကြီးအဖြစ် ရပ်တည်နေသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် ယခုနှစ်တွင် ၁၅၆ နှစ်ပြည့်ပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက ပေါက်ဖွားလာခဲ့သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ၁၉၂၀ ပြည့်နှစ်က စတင်ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းစဉ်က မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာ၏ ပြည်နယ်ခွဲဖြစ်နေ၍ အိန္ဒိယကြက်ခြေနီအသင်းခွဲသာ ဖြစ်ခဲ့သည်။ ၁၉၃၇ ခုနှစ်၌ မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်သောအခါ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဖြင့် စတင်တည်ထောင်ခဲ့ရာ ယခုနှစ်တွင် ၈၂ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ ဘေးဒုက္ခ ကျရောက်လွယ်သူများနှင့် ဘေးအန္တရာယ် ကျရောက်နေသူများအတွက် အများပြည်သူတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်သော လူမှုကရုဏာ လုပ်ငန်းများကို အချိန်အခါမရွေး လုပ်ဆောင်သည့် ထိပ်တန်းအဖွဲ့အစည်းဖြစ်စေရန် မျှော်မှန်းချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းပင်ဖြစ်သည်။ အသင်းကြီး၏ဆောင်ပုဒ်အဖြစ် “ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်” ဟူသော ရည်ရွယ်ချက်ထားရှိခဲ့သည်။ ထိုရည်ရွယ်ချက်များ အောင်မြင်စေရန်လုပ်ငန်းစဉ် (၃)ရပ်ဖြစ်သော ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေး ကာကွယ်တားဆီးရန်နှင့် ဘေးဒုက္ခကျရောက်သူများကို အကူအညီပေးရန်တို့ကို ချမှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးသည် ၁၉၄၆ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အဖွဲ့ဝင် အသင်းတစ်သင်းဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၄၈ ခုနှစ်၌ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးသည့် နောက်ပိုင်း ၁၉၄၉ ခုနှစ်တွင် ဂျီနီဗာအစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်များနှင့်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ကိုက်ညီစေရန်လည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီး၏ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို တရားလွှတ်တော်၏ ခွင့်ပြုချက်အရ ပြင်ဆင်ခဲ့သည်။ နိုင်ငံတော်အစိုးရက ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အက်ဥပဒေကို ပြဋ္ဌာန်းပေးကာ အမြဲတမ်း လူမှုကရုဏာအသင်းအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ အဆိုပါ အက်ဥပဒေ စိန့်ဂျွန်းသူနာပြုတပ်ဖွဲ့ကို မြန်မာနိုင်ငံ သူနာပြုတပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယင်းအက် ဥပဒေကို ၁၉၆၄ ခုနှစ်တွင်လည်းကောင်း၊ ၁၉၇၁ ခုနှစ်တွင် လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင်လည်းကောင်း ထပ်မံပြင်ဆင်မှုများပြုလုပ်ခဲ့သည်။ ထို့နောက် ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်မှ ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
ထိုစဉ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးသည် အသင်းဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံတော် တရားဝန်ကြီးဆာဘဦး (နောင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတကြီး ဒေါက်တာဘဦး) က လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် ဒေါက်တာဘဦး သမ္မတကြီး ဖြစ်လာ၍ ကြက်ခြေနီအသင်းဥက္ကဋ္ဌအဖြစ် တရားလွှတ်တော် တရားဝန်ကြီး ဦးအောင်ခိုင်ကလည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် စာရင်းစစ်ချုပ်ဦးစန်းမောင်၊ ဆေးတက္ကသိုလ်- ၂ ပါမောက္ခချုပ် အငြိမ်းစားဒေါက်တာ သာလှရွှေတို့က ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ လက်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌမှာ ပါမောက္ခဒေါက်တာမြသူဖြစ်သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေပုဒ်မ-၄ အရ နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နာယကဖြစ်သည်။
မြန်မာနိုင်ငံ၌ ကြက်ခြေနီအသင်းများ ဖွဲ့စည်းထားမှုမှာ ၂၀၁၅ ခုနှစ် စာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်း ၁၅ သင်း၊ မြို့နယ်အသင်း ၃၀၂ သင်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ရှိ မြို့ပေါင်း ၂၅၀၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၈၀ဝ၉၁ ဦးနှင့် ကြက်ခြေနီ အသင်းဝင်ပေါင်း ၁၄၀ဝဝဝ ကျော်ရှိသည်။ ယင်းအဖွဲ့ဝင်များအနက်မှ စနစ်တကျ လေ့ကျင့်ပေးထားပြီး ဖြစ်သော စေတနာလုပ်အားရှင် ၁၄၀ဝဝ ခန့်တို့က ရောဂါဘေး နှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုမှန်သရွေ့ကို ယုံကြည်မှုအပြည့်၊ အားမာန်အပြည့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
နှလုံးသားလှသည် ကြက်ခြေနီ
မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ဝင်များသည် ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဒုက္ခအခက်အခဲ ရောက်နေသူ၊ ထိခိုက်ဒဏ်ရာရနေသူ စသည့် အကူအညီလိုအပ်နေသော မည်သူမဆို လူမျိုးမရွေး၊ ဘာသာမရွေး၊ အယုတ် အလတ် အမြတ်မရွေး၊ အရွယ်မရွေး၊ အချိန်မရွေး၊ နေရာမရွေး ကယ်တင်ကူညီ ဆောင်ရွက်နေကြသော နှလုံးသားလှသူများပင် ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ သမိုင်းတစ်လျှောက်တွင် စွန့်လွှတ်စွန့်စား၍ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ကူညီကယ်တင် စောင့်ရှောက်ခဲ့သည့်ဖြစ်စဉ်များ မြောက်မြားစွာရှိခဲ့သည်။ ယင်းဖြစ်စဉ်ထဲမှ ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့ကြက်ခြေနီ သမိုင်းဝင်ဖြစ်စဉ် တစ်ခုမှာ ၁၉၇၆ခုနှစ် ဇန်နဝါရီလ ၁၁ ရက်၌ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခတ်ချိုကျေးရွာအနီး တပ်မတော်ယာဉ်တစ်စီး ဧရာဝတီမြစ်အတွင်း ထိုးကျတိမ်းမှောက်သွားခဲ့ရာ ထိုအချိန်က ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည့် စိုင်းအောင်လှိုင်မြင့်က ဧရာဝတီမြစ်အတွင်း ယာဉ်နှင့်အတူ ရေနစ်နေသော ယာဉ်မောင်း ရဲဘော်ခင်မောင်အေးကို ရေခဲတမျှအေးနေသည့် ဧရာဝတီမြစ်အတွင်း ဆင်း၍ သက်စွန့်ဆံဖျား ကယ်တင်ကာ ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုပေးခဲ့သဖြင့် ရဲဘော် ခင်မောင်အေးမှာ အသက်ရှင်သွားခဲ့သည်။ ရဲဘော်ခင်မောင်အေးကို စိုင်းအောင်လှိုင်မြင့် ကိုယ်တိုင်ထမ်းပြီး ဝိုင်းမော်ဆေးရုံ အရောက်ပို့ဆောင်ပေးခဲ့သည်။ ထိုဖြစ်စဉ်အတွက် ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာ ကျင်းပသည့် (၂၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီညီလာခံမှာ စိုင်းအောင်လှိုင်မြင့်ကို ကမ္ဘာ့ကြက်ခြေနီ၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သော ဟင်နရီဒူးနန့် ဆုတံဆိပ်ကို ချီးမြှင့်ပေးခဲ့သည်။
ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမည်ပေးထားသော ဟင်နရီဒူးနန့်ဆုသည် ကမ္ဘာ့ကြက်ခြေနီ၏ အမြင့်ဆုံးဆုတံဆိပ်ပင်ဖြစ်သည်။ ထိုစဉ်က စိုင်းအောင်လှိုင်မြင့်မှာ အသက် ၂၂ နှစ် အရွယ်သာရှိသည်။ ယင်းဆုတံဆိပ်ကို စိုင်းအောင်လှိုင်မြင့် လက်ခံရရှိခြင်းသည် အာရှမှာဒုတိယမြောက်နှင့် အရှေ့တောင်အာရှတွင် ပထမဆုံး ဆုရရှိသူပင်ဖြစ်သည်။
ထို့အတူ ၂၀၁၅ ခုနှစ်က ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ခရိုင်တွင် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များကို ဂုဏ်ယူလေးစားဖွယ်ရာအဖြစ် ပြည်သူ လူထုတစ်ရပ်လုံးက အသိအမှတ်ပြုခဲ့သည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် လောက်ကိုင်တိုက်ပွဲရှောင် ပြည်သူများအား ကြက်ခြေနီအလံလွှင့်ထူထားသော မော်တော်ယာဉ်များနှင့် ကြက်ခြေနီဝတ်စုံဝတ်ဆင်ပြီး သွားရောက်ကူညီ ကယ်ဆယ်နေစဉ် လက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအဝင် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ယင်းတို့အထဲမှ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်း၏ ဒုတိယအရာခံဗိုလ် ဦးမိုးကျော်သန်း ကွယ်လွန်သွားခဲ့သည်။
မေတ္တာနှင့်စေတနာအခြေခံဖြင့် အကြင်နာတရားကို မဏ္ဍိုင်ပြုကာ ခွဲခြားမှုမရှိဘဲ၊ အစွဲအလမ်းကင်းသည့် စိတ်ဓာတ်ဖြင့် ပရဟိတလုပ်ငန်းကိုသာ ဆောင်ရွက်နေကြသော နှလုံးသား လှသည့် ကြက်ခြေနီမောင်မယ်များအား ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။
မြန်မာ့အလင်း