ဇင်လင်းမြင့်

ရန်ကုန် မြို့ပြဟာ အရှိန်အဟုန်နဲ့ ဖွံ့ ဖြိုးတိုးတက် လာသလို လူနေထိုင်မှုလည်း များလာတာမို့ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမို ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့မှာ ပြည်သူတွေ ကျန်းမာရေးကို ယခုထက် ပိုမိုကုသစောင့်ရှောက်နိုင်ဖို့အတွက် အထူးကု ဆေးရုံသစ်ကြီး တည်ဆောက်ရေး ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ပန္နက်တင်အခမ်းအနားပြုလုပ်

ရန်ကုန်အထူးကုဆေးရုံသစ်ကြီး စတင်တည်ဆောက်ဖို့အတွက် ၂၀၁၉ ခုနှစ် ဧပြီ ၂၈ ရက် နံနက် ၉ နာရီက ရန်ကုန်ပြည်လမ်းနဲ့ မင်းရဲကျော်စွာ လမ်းထောင့်မှာရှိတဲ့ သတ်မှတ်မြေဧရိယာမှာ ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် ဆေးရုံသစ်ကြီး တည်ဆောက်ဖို့အတွက် စတင်နေပြီဖြစ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေအတွက်သာမက မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ရောဂါဝေဒနာရှင်တွေ အားကိုးအားထားစရာ အထူးကုဆေးရုံကြီးတစ်ခု ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

ယန်းငွေ ၈ ဒသမ ၆၆၁ ဘီလီယံထောက်ပံ့

ဒီလိုဆေးရုံသစ်ကြီး တည်ဆောက်နိုင်ဖို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ JICA တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ JICA က ယန်းငွေ ၈ ဒသမ ၆၆၁ ဘီလီယံ ထောက်ပံ့ပေးမှာဖြစ်ပြီး မြန်မာအစိုးရက ငွေကျပ် ၄၂ ဘီလီယံ အကုန်ကျခံတည်ဆောက်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

ဒီဆေးရုံသစ်ကြီးကို ရန်ကုန်မြို့ ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်မှာရှိတဲ့ မြေဧက ၅ ဒသမ ၅၆၂ ဧကပေါ်မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ အထပ် ခုနစ်ထပ်ရှိမယ့် ဒီအထူးကုဆေးရုံ အသစ်ထွက်ပေါ်လာမည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး ကို နိုင်ငံတကာအဆင့်မီ အထူးကုဆေးရုံ ကြီးအဖြစ် TAISE Corporation က တည်ဆောက်သွားမှာဖြစ်ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ခန့်ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် လာမယ့် ၂၀၂၁ ခုနှစ်မှာ ပြီးစီးနိုင်မှာ ဖြစ်ပါတယ်။  လက်ရှိအချိန်မှာတော့ ခန့်မှန်း တွက်ချက်ထားမှုအရ ၂၀၂၁ ခုနှစ် ဧပြီလမှာ တည်ဆောက်ပြီးနိုင်မယ်လို့ မျှော်မှန်းထားပါ တယ်။

အထောက်အကူပြုပစ္စည်းတွေ ဖြည့်ဆည်း

ရန်ကုန်အထူးကုဆေးရုံသစ်ကြီးဟာ ခုတင် ၃၁၆ ခုတင်ဆံ့ ဆေးရုံကြီးဖြစ်ပြီး ကုသရေးနဲ့ သင်ကြားရေး ဆေးရုံကြီးအဖြစ်လည်း ဝန်ဆောင်မှုတွေပေးသွားမယ်လို့ ဆိုပါတယ်။ နောက်ဆုံးပေါ် စက်ကိရိယာတွေ၊ အထောက်အကူပြု ပစ္စည်းတွေ ဖြည့်ဆည်းထားသွားမှာဖြစ်တာမို့ ဝေဒနာရှင် လူနာတွေအတွက် ကျန်းမာရေးဆိုင်ရာကုသ စောင့်ရှောက်မှုရရှိစေမှာ ဖြစ်ပါတယ်။

ဒီဆေးရုံသစ်ကြီးမှာ နှလုံး၊ ဦးနှောက်၊ အာရုံကြောဆိုင်ရာ ရောဂါတွေကို ကုသပေးသွားမှာဖြစ်ပြီး ဆေးရုံသစ်ကြီး တည်ဆောက်ပြီးစီးသွားရင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးရောဂါကုသရေး ဌာန၊ နှလုံးရောဂါ ခွဲစိတ်ကုသရေးဌာန၊ ဦးနှောက်နှင့် အာရုံကြောကုသရေးဌာန၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသရေးဌာနတွေကို ပြောင်းရွှေ့ပြီး ကုသမှာ ဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်

ရန်ကုန် အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ပြီးစီးသွားရင်တော့ မြန်မာနိုင်ငံမှာ ဦးနှောက်နဲ့ နှလုံးရောဂါဆိုင်ရာ သင်ကြားရေးနဲ့ သုတေသနသိပ္ပံဆိုင်ရာ ပထမဆုံးဆေးရုံလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ “ဒီဆေးရုံသစ်ကြီး တည်ဆောက်ပြီးစီးသွားရင် ဝေဒနာရှင်သက်ကြီး ရွယ်အိုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်မှာဖြစ်ပြီး အဲဒီရောဂါတွေနဲ့ သေဆုံးမှုလည်း လျော့ကျသွားနိုင်မှာဖြစ်ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဲဒီဆေးရုံ ပန္နက်တင်အခမ်းအနားမှာ ပြောထားပါတယ်။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ရန်ကုန် ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်မှာရှိတဲ့ မြေအကျယ်အဝန်း စတုရန်းမီတာ ၂၇၀ဝဝ ပေါ်မှာ တည်ဆောက်မယ့် အဲဒီ အထူးကုဆေးရုံသစ်ကြီးမှာ ခုတင် ၂၀ ဆံ့ အထူးကြပ်မတ်ဆောင်လည်း ပါဝင်တာမို့ နှလုံးနဲ့ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေကို အထူးဂရုစိုက် စောင့်ရှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်က ခွင့်ပြုပေးခဲ့

ဒီအထူးကုဆေးရုံသစ်ကြီး တည်ဆောက်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro Maruyama က “ဒီဆေးရုံကြီး တည်ဆောက်နိုင်ဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင် ရွက်ဖို့အတွက် ဂျပန်ဝန်ကြီးချုပ်က ခွင့်ပြုပေးခဲ့တာဖြစ်ပြီး အခုလို စတင်တည်ဆောက်နိုင်တာကြောင့် ဂုဏ်ယူဝမ်းမြောက်ရပါတယ်” ဟု အထူးကုဆေးရုံ ပန္နက်တင်ပွဲနေ့မှာ ပြောသွားပါတယ်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအပြင် နယ်ပယ်စုံမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီတွေ ပေးနေတာဖြစ်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

အခုစတင်တည်ဆောက်နေတဲ့ ရန်ကုန် အထူးကုဆေးရုံသစ်ကြီး ပြီးစီးသွားရင် နှလုံး၊ ဦးနှောက်၊ အာရုံကြောဆိုင်ရာ လူနာတွေဟာ ဆေးရုံမှာ နေထိုင်ကုသမှု သက်သောင့်သက်သာနဲ့ ကျန်းမာရေးကုသ စောင့်ရှောက်မှု ရရှိတော့မှာ ဖြစ်ပါတယ်။ အရင်က ရန်ကုန်မြို့မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး စတဲ့ ဆေးရုံကြီးတွေကိုသာ ကျန်းမာရေးကုသဖို့အတွက် လူနာတွေ အားကိုးအားထား ပြုခဲ့ရတဲ့အခြေ အနေကအခုလို အထူးကုဆေးရုံသစ်တစ်ခု ထွက်ပေါ်လာတော့မှာမို့ ပြည်သူတွေအတွက်တော့ သတင်းကောင်းတစ်ခု ပါပဲ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၈ ခုနှစ် မတ်လအထိ အထူးကုဆေးရုံပေါင်း ၁၄ ရုံ၊ သင်ကြားရေးဆေးရုံသုံးရုံ၊ ခုတင် ၅၀ဝ ဆံ့ဆေးရုံ နှစ်ရုံ၊ ခုတင် ၂၀ဝ ဆံ့ ဆေးရုံလေးရုံ၊ ခုတင် ၁၀ဝဆံ့ ဆေးရုံတစ်ရုံ၊ ခုတင် ၅၀ ဆံ့နှင့် ၂၅ ခုတင်ဆံ့ဆေးရုံ ၁၁ ရုံ၊ ၁၆ ခုတင်ဆံ့ဆေးရုံလေးရုံ၊ တိုက်နယ်ဆေးရုံ ၃၃ ရုံ၊ တိုက်နယ်ကျန်းမာရေးဌာန ၁၈ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၈၉ ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ၄၂၆ ခုတို့ ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်မှာ ဖော်ပြထားပါတယ်။

အားကိုးအားထားစရာ ဆေးရုံကြီးတစ်ရုံအဖြစ်တည်ရှိ

အခုလိုအထူးကုဆေးရုံသစ်ကြီးတစ်ရုံနိုင်ငံ တကာအဆင့်မီ တည်ဆောက်ပြီးစီးခဲ့ရင်တော့ ရန်ကုန်မြို့နေ ပြည်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ ကုသစောင့်ရှောက်မှုကို ပိုမိုခံယူခွင့်ရရှိ တော့မှာ ဖြစ်သလို နှလုံးနဲ့ ဦးနှောက်ဆိုင်ရာ ရောဂါဝေဒနာရှင်တွေအတွက်တော့ အားကိုးအားထား စရာ ဆေးရုံကြီးတစ်ရုံအဖြစ် တည်ရှိလာမှာဖြစ်ပါတယ်။

မြန်မာ့အလင်း