မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက်သိမ်းရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တောင်ကိုရီးယားသမ္မတတို့ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။

အင်္ဂါနေ့က နာရီဝက်ကြာ ဖုန်းဖြင့် ပြောဆိုမှုအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ စနေနေ့က ဒုံးကျည်များ ပစ်လွှတ်မှုအပေါ် အလေးထားဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ပြီးပြည့်စုံသည့် နျူကလီးယားလျော့ချရေးအတွက် အောင်မြင်နိုင်သည့် နည်းလမ်းများကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံအား ဆွေးနွေးမှုလမ်းကြောင်းမှ မသွေဖယ်သွားစေရန်နှင့် ဖြစ်နိုင်သမျှစော၍ ဆွေးနွေးမှု ပြန်လည်စတင်ရန် သမ္မတနှစ်ဦးက ဆွေးနွေးခဲ့သည်ဟု တောင်ကိုရီးယား သမ္မတရုံးက ပြောကြားသည်။

 

mdn

 

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုအပေါ် တုံ့ပြန်မှုအတွက် မွန်းဂျေအင်းက ထရန့်ကို ချီးကျူးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးကဆိုသည်။ မြောက်ကိုရီးယားနိုင်ငံ၏ နောက်လာမည့် ခြေလှမ်းကို စောင့်ကြည့်ရအုံးမည်ဟု ထရန့်က အကြံပြုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် တောင်ကိုရီးယားနိုင်ငံ၏ အစီအစဉ်ကို ရည်ညွှန်း၍ အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်သည်ဟု ထရန့်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်ခဲ့သည့်ဒုံးကျည်များမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်စေမည့် တိုက်ချင်းပစ်ဒုံးကျည်များ ပါဝင်ခဲ့ခြင်းရှိ မရှိကိုဆုံးဖြတ်ရန် အမေရိကန်နှင့် တောင်ကိုရီးယား တာဝန်ရှိသူများက စိစစ်လျက်ရှိသည်။  

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်