နေပြည်တော် ၈ မေ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ် ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Myanmar Mystery Land Co.,Ltd စီစဉ်ဆောင်ရွက်မှုဖြင့်ပင် ထိုင်းနိုင်ငံသား ဧည့်သည် (၄၉) ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁၇) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၁ ရက်မှ ဧပြီ ၃၀ ရက်အထိ ထီးခီး-ထားဝယ်- မော်လမြိုင်-ရန်ကုန်- နေပြည်တော်-ပုဂံ- မန္တလေး- အင်းလေး-နမ့်စန်- ကျိုင်းတုံ- တာချီလိတ် ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ပွင့်လင်းရာသီကာလ ဖြစ်သည်နှင့်အညီ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်နိုင်ရေး အတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
MDN
