ဝိုင်းမော် ၈ မေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာန၏ သစ်တောကြိုးဝိုင်းအတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးထားသည့် "မျိုးဆက်ကြယ်ပွင့်" စိုက်ပျိုးရေးကုမ္ပဏီအား မေ ၇ ရက်က ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သစ်တောဧရိယာနယ်နိမိတ် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း တစ်သျှူးငှက်ပျော ကျူးကျော်စိုက်ပျိုးနေမှုများကို သတ်မှတ်ကာလအတွင်း ဖျက်သိမ်းပေးရန် ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မေ ၆ ရက်က ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးဆွတ်ရိန်ဆိုင်းလာ ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် တာဝန်ရှိသူများပူးပေါင်း၍ နန့်ဝါကျေးရွာရှိ သစ်တောကြိုးဝိုင်းအတွင်း သွားရောက်စစ်ဆေးရာ "မျိုးဆက်ကြယ်ပွင့်" စိုက်ပျိုးရေးကုမ္ပဏီမှ သစ်တောကြိုးဝိုင်းအတွင်းရှိ မြေဧရိယာ(၉၈)ဧကအား ကျူးကျော်၍ တစ်သျှူးငှက်ပျော စိုက်ပျိုးထားသည်ကို စစ်ဆေးတွေ့ရှိရ၍ ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်၍ တစ်သျှူးငှက်ပျော စိုက်ပျိုးထားသည့် "မျိုးဆက်ကြယ်ပွင့်" စိုက်ပျိုးရေးကုမ္ပဏီအား ဝိုင်းမော်မြို့မရဲစခန်းတွင် သစ်တောဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)