ရန်ကုန် ၈ မေ
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် (ဒုတိယနေ့)ကို ယနေ့ညနေပိုင်းက ကျင်းပရာ ရခိုင်၊ ရှမ်းယူနိုက်တက်နှင့် မကွေးအသင်း နိုင်ပွဲရပြီး ကွာတားဖိုင်နယ် တက်ရောက်သွားသည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက ဇွဲကပင်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရခဲ့သည်။ မိနစ် ၁၂၀ ပြည့်သည်အထိ နှစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ ရခိုင်အသင်းက လေးဂိုး-သုံးဂိုး၊ စုစုပေါင်း ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ခြေစွမ်းမကွာသည့် နှစ်သင်း တွေ့ဆုံသောကြောင့် အပြန်အလှန်သွင်းဂိုးများဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ပယ်နယ်တီကျမှ အဖြေပေါ်ခဲ့ခြင်းဖြစ်သည်။ ရခိုင်အသင်းသည် MNL အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲတွင် နာမည်ကြီးရတနာပုံကို အနိုင်ယူထားသလို ယခုရှုံးထွက်ပွဲတွင်လည်း ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သော်လည်း ပွဲအစတွင် နှစ်သင်းစလုံး ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရသည်။ ၂၈ မိနစ်တွင် ရခိုင်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး တည်ငြိမ်မင်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ရခိုင်အသင်း၏ ဦးဆောင်မှုမှာ အနည်းငယ်သာကြာခဲ့ပြီး သုံးမိနစ်အကြာတွင် ဇွဲကပင်အသင်း ချေပဂိုးပြန်ရကာ စစ်မုန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ဇွဲကပင်အသင်းက ခံစစ်အမှားမရှိအောင် ကစားနိုင်ခဲ့၍ ရခိုင်အသင်း အခွင့်မသာဘဲ ၅၈ မိနစ်တွင် ဂိုးထပ်ပေးလိုက်ရသည်။ ဇွဲကပင်အသင်းအတွင် ဦးဆောင်ဂိုးကို ဇွန်မိုးအောင်က သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဇွဲကပင်အသင်းက အနိုင်ရလဒ်ထိန်းရန် ကြိုးပမ်းခဲ့ရာ ရခိုင်အသင်း အခွင့်အရေး ပြန်ရလာပြီး ၈၁ မိနစ်တွင် ဇော်သိန်းဝင်းက ချေပဂိုးပြန်သွင်းခဲ့သည်။ အချိန်ပို မိနစ် ၃၀ တွင်လည်း ဂိုးထပ်မသွင်းနိုင်၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ ရခိုင်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရခိုင်အသင်းသည် လေးလုံးကန်သွင်းရာ သက်ထွန်းအောင်၊ ဆင်မြူရယ်၊ ဇော်သိန်းဝင်းနှင့် ချမ်းဦးတို့အားလုံး ဂိုးဝင်ပြီး ဇွဲကပင်အသင်းက ငါးလုံးကန်သွံင်းရာ သက်ပိုင်ထွေး၊ ပက်ထရစ်နှင့် ဇင်မင်းထွန်းတို့သာ ဂိုးဝင်ပြီး ကင်မ်နှင့် အောင်ဝဏ္ဏစိုးတို့ ဂိုးမဝင်၍ ရခိုင်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက မြဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိ်ုင်ရခဲ့သည်။ ချန်ပီယံဟောင်း ရှမ်းယူနိုက်တက်အသင်းသည် ပွဲအစနှင့် ပွဲပြီးခါနီးတွင် သွင်းယူသည့်နှစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်တွင် ဟံသာဝတီနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အတွက် ဂိုးများကို ၁၄ မိနစ်တွင် ဒွေးကိုကိုချစ်၊ မိနစ် ၈၀ တွင် ရွှေကိုတို့က သွင်းယူခဲ့သည်။ အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက အား/ကာသိပ္ပံအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မကွေးအသင်းသည် ယခုပွဲတွင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီး ၃ မိနစ်တွင် နိုင်နိုင်ကျော်၊ မိနစ် ၈၀ တွင် အောင်မြင့်ထွန်း၊ ၉၀+၂ မိနစ်တွင် အောင်ဇော်မြင့်တို့က သွင်းယူခဲ့သည်။ မကွေးအသင်းသည် ကွာတားဖိုင်နယ်တွင် ရခိုင်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်