ဝါရှင်တန်  ၉  မေ

 

ဗင်နီဇွဲလားနိုင်ငံအပေါ် ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးသွားမည်ဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောသည်။ ထို့အတူ ဗင်နီဇွဲလားနိုင်ငံ၏ ပြည်နယ် ၂၅ ခုမှ အထူးတရားရုံးများအတွက် ဒဏ်ခတ်ရန်နှင့် သမ္မတမာဒူရိုကို ဖြုတ်ချနိုင်ရေးအတွက် နည်းလမ်းအားလုံးကို ရွေးချယ်စရာအဖြစ် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ထို့အပြင် ဗင်နီဇွဲလားပြည်သူများ လွတ်လပ်ရေး ပြန်လည်ရရှိသည်အထိ အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားပြည်သူများနှင့် တစ်သားတည်း ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယသမ္မတမိုက်ပန့်စ်က ကတိပေးခဲ့သည်။

 

ယမန်နေ့က အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာနတွင်ကျင်းပခဲ့သည့် အမေရိကတိုက်နိုင်ငံများ နှစ်ပတ်လည်ညီလာခံတွင် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

 

ထို့အပြင် ပင်တဂွန်စစ်ဌာနချုပ်သည် ဇွန်လတွင် စစ်ဆေးရုံသင်္ဘောကြီးဖြစ်သည့် USNS Comfort ကို ဗင်နီဇွဲလားဒေသသို့ ငါးလကြာ စေလွှတ်သွားမည်ဖြစ်ပြီး ဗင်နီဇွဲလားဒုက္ခသည်များနှင့် ပြည်သူများကို ဆေးဝါးကုသရေးဆိုင်ရာ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ဆက်လက် ပြောကြားခဲ့သည်။

 

ဗင်နီဇွဲလားနိုင်ငံ၏ ထောက်လှမ်းရေးဌာနအကြီးအကဲ ဗိုလ်ချုပ်ကြီး မန်နျူရယ်ဖီဂူရာအပေါ် အရေးယူဒဏ်ခတ်ထားမှုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။

 

အေအက်ဖ်ပီ