မုံရွာ  ၉  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက်စစ်ပုံတောင်ကျေးရွာအနီးရှိ မုံရွာကြက်မွေးမြူရေးဇုန်တွင် မေလ ၈ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားနေရာတွင် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၉၀ ဦး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလေးစိုးနှင့် ရဲတပ်ဖွဲ့ဝင် ၃၇ ဦး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်မွေးမြူရေးဇုန်မှ အလုပ်သများ ၁၅၀ ဦးတို့နှင့်အတူ မီးငြိမ်းသတ်ယာဉ် ၂၃ စီး၊ ရေသယ်ယာဉ် ၁၀ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ညနေ ၄ နာရီခွဲချိန်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

fire -1

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် (၈၃၈၂၉၇၅၀)တန်ဘိုးရှိ သွပ်မိုး၊ ကပ်ကာ၊ ပျဉ်ထောင် လူနေအိမ်(၁၅)လုံး၊ ကပ်မိုး၊ ကပ်ကာ၊ ဝါးခင်း လူနေအိမ်(၅)လုံး စုစုပေါင်းလူနေအိမ်(၂၀)လုံး၊ သွပ်မိုး၊ ကပ်ကာ၊ ဝါးခင်းကြက်ခြံ(၂၀)လုံး၊ ကပ်မိုး၊ ကပ်ကာ၊ ဝါးခင်းကြက်ခြံ(၁၄)ခြံ စုစုပေါင်းကြက်ခြံ (၃၄)ခြံ ကြက်ကောင်ရေ (၁၀၁၃၅)ကောင်တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်သည့် နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဥပဒေချုပ်တို့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အကွက်အမှတ် (၁၄၄)ရှိ  ကြက်ခြံပိုင်ရှင် ဦးတင်မောင်ထွေး (နတ်ကြီးကျွန်းကျေးရွာ၊ ကနီမြို့နယ်) ကြက်ခြံမှ စတင်မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မီးစတင် လောင်ကျွမ်းရခြင်း အကြောင်းကို စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

e fire -2