မိတ္ထီလာ ၉ မေ
မိတ္ထီလာမြို့နယ်၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံအထွက်နှုန်းတိုးစေရန် ရည်ရွယ်၍ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲခြင်း လက်တွေ့သရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို မေလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်က ကွက်ငယ်ကျေးရွာ တောင်သူ ဦးမြင့်လှိုင်၏ နေအိမ်ဝန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန် ဒေသခံတောင်သူများ၏ စိုက်ပျိုးလျက်ရှိသည့် လယ်ယာမြေများသည် နှစ်စဉ်ဆက်တိုက် သီးနှံများ စိုက်ပျိုး နေခြင်းကြောင့် လယ်ယာမြေများအတွင်းရှိ အာဟာရဓာတ်များ ကုန်ဆုံးသွားကြောင်း၊ ထိုသို့ ကုန်ဆုံး သွားသည့် အာဟာရဓာတ်များ မြေဆွေးပုံများ ပြုလုပ်၍ လည်းကောင်း ၊ နွားချေး၊ သစ်ရွက်ဆွေးများဖြင့် သဘာဝမြေသြဇာအဖြစ် ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ သဘာဝမြေသြဇာသည် မြေဆီလွှာ၏ ရုပ်ဂုဏ် သတ္တိကို တိုးတက်စေပြီး တောင်သူများအနေဖြင့် ငွေကြေး ကုန်ကျစရိတ်သက်သာကြောင်း၊ သီးနှံပင်အကြွင်း အကျန်များကို သဘာဝမြေသြဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း၊ စိုက်ပျိုးမြေဆီလွှာ၏ အစိုဓာတ်ကို ထိန်းသိမ်း နိုင်၍ ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင် ဆောင်ရွက်သင့်ကြာင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးလေးမောင်မောင်ထက်က သဘာဝမြေဆွေး ပြုလုပ် သုံးစွဲနည်းများကို ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ၎င်းသရုပ်ပြပွဲသို့ တက်ရောက်လာသည့် ကွက်ငယ်၊ဒဟတ္တန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တောင်သူများအား သဘာဝမြေဆွေးပြုလုပ်နည်းများကို လက်တွေ့ ပြသခဲ့သည်။
အဆိုပါ သဘာဝမြေဆွေးပြုလုပ်ရာတွင် အစိုဓါတ်ရရှိစေရန် ရေအနည်းငယ်၊ မိမိပတ်ဝန်းကျင်မှ ရရှိသည့် သီးနှံအကြွင်းအကျန်ပစ္စည်းများ၊ ကောက်ရိုး၊ မြေပဲရိုး၊ နှမ်းရိုး၊ သစ်ရွက်ခြောက်များ၊ ပြောင်းရိုးများ၊ ၎င်းပစ္စည်းများ ဆွေးမြေ့စေရန် ထုံး(သို့မဟုတ်) ပုလဲဓါတ်မြေသြဇာအနည်းငယ် ၊ အသင့်အသုံးပြုနိုင်သည့် EM(Effect Microorganism) ၊ တင်လဲရည်၊ သဘာဝဓါတ်မြေသြဇာဖြစ်သည့် နွားချေး၊ ဆိတ်ချေးအနည်းငယ်၊ ဖုံးအုပ်ရန် ပလတ်စတစ် အကြည်တို့ လိုအပ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)