နေပြည်တော် ၉ မေ
မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၈ ရက် နံနက် ၉ နာရီက မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာအနီးရှိ လမ်းပေါ်တွင် လှမျိုးသန်း(ခ)ဖိုးထော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မံစီမြို့နယ်၊ စီကော်ကျေးရွာနေ ဒေါ်မြင့်စိန်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၅၈၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ဆက်လက်၍ မံစီမြို့နယ်၊ စီကော်ကျေးရွာနေ ဒေါ်ကြူဝင်း (ခ) ဒေါ်ကြည်ဝင်း၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ ၉၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေး ၅၂၆၅ ပြား၊ မြန်မာငွေကျပ် ၅၁၅၀ဝ၀နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။
အလားတူ မေ ၈ ရက် ညနေပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ အောက်ညောင်နီကျေးရွာ၊ မန်တုံ-မိုးမိတ်သွားကားလမ်း ရွှေမြင်တင်ဘုရား တောင်ခြေလမ်းဆုံအနီး၌ ဆန်ကျင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရန်တားဆီးစဉ် မောင်းနှင်ထွက်ပြေးသွားပြီး ရှူမျှော်တာဘုရားရှေ့၌ ပြန်လည်တွေ့ရှိ၍ စစ်ဆေးရှာဖွေရာ ဆပ်ပြာခွက် ၈၈ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၈၈၀ ဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၀ဝ၀ဝ၊ မြန်မာငွေကျပ် ၃၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN