နေပြည်တော် ၉ မေ

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်စစ်ကြောင်းအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂ ရက်မှ ၈ ရက်နေ့အတွင်း ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် အတွင်းကားလမ်းပေါ်ရှိ A6-FAW ကားအပြာနှင့် ကားအနီ မော်တော်ယာဉ်တို့ပေါ်မှ ကျွန်းသစ် ၃၂ လုံး ၆ ဒသမ ၉၅၈၀ တန်နှင့် ပြစ်မှုကျူးလွန်သူ ၇ ဦးအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ် မရမ်းချိုကျေးရွာအုပ်စုအတွင်းမှ တောင်သရက်ခွဲသား ၈၇ ချောင်း ၁၅ ဒသမ ၇၀၈၆ တန်နှင့် ပြစ်မှုကျူးလွန်သူ ၆ ဦးအားလည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ်အတွင်းမှ ကညင်၊ တောဇီး၊ ကြေးလံ၊ ဘိုင်သစ်၊ ဆေးခါး၊ လောက်ယား၊ မအူ၊ ငါးပေါက်၊ တောမန်ကျည်း စုစုပေါင်း ၅၄၆ လုံး ၁၇၃ ဒသမ ၇၄၂၉ တန်နှင့် ပြစ်မှုကျူးလွန်သူ ၁ ဦးတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကနီမြို့နယ်အတွင်းရှိ သနပ်ချောင်း အနီးရှိ ၆ ဘီး မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ၅၄ ချောင်း ၇ ဒသမ ၁၆၅၆ တန်၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် ပင်းခန်းချောင်းဖျား နေရာမှ တမလန်းဓါးရွှေ ၃၇ လုံး ၆ ဒသမ ၉၁၄၆ တန်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် သူရဲတန်းကြိုးဝိုင်းအတွင်းမှ ကျွန်း၊ ပျဉ်းကတိုးခွဲသား ၄၄၃ ချောင်း ၃၉ ဒသမ ၇၀၃၀ တန်နှင့် မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်အတွင်းမှ ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုးခွဲသား စုစုပေါင်း ၄၉ ချောင်း ၄ဒသမ ၇၈၅၄ တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်လူမော်