နေပြည်တော် ၉ မေ 
    

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင် (Philippines Competition Commission-PCC) သို့ ယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ လေ့လာနိုင်ရန် မေ ၇ ရက် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသည်။
    

ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ Mr. Arsenio Balisacan သည် မေ ၈ ရက် နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး Legal Consultant ဖြစ်သူ Mr. David Fruitman က ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ ရည်ရွယ်ချက်များ၊ ယေဘုယျတားမြစ်ချက်များ၊ ယှဉ်ပြိုင်မှုသဘောသဘာဝ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်းများ၊ အာဆီယံဒေသတွင်း ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေတို့ကိုလည်းကောင်း။

 

1


    

မလေးရှားယှဉ်ပြိုင်မှုကော်မရှင် အမှုဆောင်အရာရှိချုပ်ဟောင်း Shila Dorai Raj က ယှဉ်ပြိုင်မှုဥပဒေ စတင်အကောင်အထည်ဖော်ဆောင်ရာတွင် မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ စီမံအသုံးချခြင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခြင်း စသည်တို့ကဲ့သို့ ကနဦး ထည့်သွင်းစဉ်းစားရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဦးနှစ်ဖက် အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
    

ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ Mr. Arsenio Balisacan သည် မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ဖွဲ့စည်းတည်ဆောက်မှု အတွေ့အကြုံများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင် Amabelle Asuncion နှင့် Macario De Claro Jr. တို့က ဖိလစ်ပိုင်ယှဉ်ပြိုင်မှု ကော်မရှင်၏ လုပ်ထုံးလုပ်နည်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)