တောင်ကြီး ၉ မေ 


နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့သည် ယနေ့ညနေပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ဒေသစာရီကြွချီ အပူဇော်ခံသည်။

 

1


စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မှ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သာစည်- ယင်းမာပင်- ကလော- အောင်ပန်း- ဟဲဟိုး- ရွှေညောင်- အေးသာယာ မြို့များကို ဖြတ်သန်း၍ ဒေသစာရီကြွချီအပူဇော်ခံရာ ခရီးလမ်းတစ်လျှောက်တွင် ဌာနဆိုင်ရာများ၊ မြို့သူ မြို့သားများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားများက ဖူးမြော်ကြည်ညိုကြပြီး စေတီတော် တည်းထားကိုးကွယ်ရေး အလှူငွေများ လှူဒါန်းကြသည်။

 

1


ထိုမှတဆင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ ကျောက်တိုင်ကွင်း မိုးလုံလေလုံ အားကစားရုံသို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များက ဖူးမြော်ကြည်ညိုကြသည်။

 

1


စကျင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား တောင်ကြီးမြို့ ကျောက်တိုင်ကွင်း အားကစားရုံတွင် မေ ၉ ရက်မှ ၁၂ ရက် နံနက်ပိုင်းအထိ ဒေသခံပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် အပူဇော်ခံထားရှိသွားမည်ဖြစ်ပြီး မေ ၁၁ ရက် ည ၇ နာရီခွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ဗုဒ္ဓရုပ်ပွားတော်များ ပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် ငြိမ်းချမ်းရေးတရားတော်ကို ဟောကြားချီးမြှင့်သွားမည်ဖြစ်သည်။ 


(ဟန်လင်းနိုင်)

 

1