ရန်ကုန် ၉ မေ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနှင့် ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင်အသင်းအဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်များနှင့် ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃)၌ ကျင်းပသည်။
နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီသည် ရခိုင်နိုင်ငံရေးပါတီများဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ (ရန်ကုန်)တို့မှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ရခိုင်လူမှုရေးအသင်းအဖွဲ့များ ဖြစ်ကြသည့် ရခိုင်သဟာယအသင်းနှင့် ရခိုင်အမျိုးသား အသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်များနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်းပြီး ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကြံပြု ဆွေးနွေးခဲ့ကြသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲများ၌ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲများသည် ဒုတိယအကြိမ် ဖြစ်ပါကြောင်း၊ ပထမတစ်ကြိမ်တွေ့ဆုံစဉ် လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တစ်ပြိုင်နက်တည်း တွေ့ဆုံခဲ့ပါကြောင်း၊ ယခုတစ်ခေါက်တွင် အဖွဲ့အစည်းများအနေဖြင့် လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ သီးခြားစီ တွေ့ဆုံရန် စီစဉ်ရခြင်းဖြစ်ပါကြောင်း။
မိမိတို့ကော်မတီနှင့် ပြီးခဲ့သည့်အခေါက် တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပဋိပက္ခ၊ ရခိုင်ပြဿနာအပေါ်တွင် မိမိတို့၏ အမြင်၊ သဘောထားများကို အကြံပြုတင်ပြခဲ့ကြပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ယင်းတင်ပြချက်များကို ကြားဖြတ်အစီရင်ခံစာ တစ်စောင်ရေးသားပြီး နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ပါကြောင်း၊
ယခုအခေါက် မိမိတို့၏ ရခိုင်ခရီးစဉ်တွင် အဓိကအနေဖြင့် ရခိုင်ပြည်နယ်၏ ပဋိပက္ခပြဿနာများ ပြေငြိမ်းရန်၊ ဖြေလျှော့နိုင်ရန်အတွက် သဘောထား အကြံပြုချက်များကို နိုင်ငံတော်သမ္မတထံ ဦးစားပေးတင်ပြ အကြံပြုသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့တွေ့ဆုံပွဲတွင် ပဋိပက္ခပြေငြိမ်းစေရန် မည့်သည့်အကြောင်းအရာ အချက်အလက်များကို ဆောင်ရွက်ပါက ကောင်းမွန်နိုင်မည်ဆိုသည်ကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးရန် ပန်ကြားလိုပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် အထူးဖိတ်ကြား၍ တက်ရောက်လာသူများဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က ရခိုင်ပြည်နယ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် အငြိမ်းစား ဒုတိယဝန်ကြီး ဦးညီလှငယ်တို့က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ အမြန်ဆုံးလျော့ကျ၍ ရခိုင်ပြည်နယ်တစ်ခုလုံး အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်ဆောင်ရွက်ရမည့် စီမံချက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးကြသည်။
ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်စကားပြောကြားရာတွင် “မိမိတို့အနေဖြင့် ယခုကဲ့သို့ တွေ့သင့်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး တင်ပြလာသည့် အချက်အလက်များကို ကော်မတီက သုံးသပ်သွားမည်ဖြစ်ပါကြောင်း၊ ရရှိလာသည့် အချက်အလက်များကို ပြည်ထောင်စု အစိုးရအနေဖြင့် ရေတို၊ ရေရှည်တွင် ဆောင်ရွက်နိုင်ရန် အစီရင်ခံစာတစ်ခုတင်ပြရမည့် တာဝန်သည် မိမိတို့၏ အဓိက တာဝန်ဖြစ်ပါကြောင်း၊
တိုက်ပွဲများ၊ ပဋိပက္ခများကြောင့် မြေစာပင်ဖြစ်ရသည့် ပြည်သူများသည် ဇာတိဒေသကိုစွန့်ခွာ၍ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းကန်နှင့် ဇရပ်များတွင် မှီခိုနေကြရပါကြောင်း၊ လယ်ယာကိုင်းကျွန်းများကိုပစ်၍ စိုက်ပျိုးရေးလုပ်ကိုင်နိုင်ခြင်း မရှိပါက လာမည့်နှစ်တွင် ရိက္ခာဖူလုံရန် အခက်အခဲရှိပါကြောင်း၊ မိမိတို့ကော်မတီကို တာဝန်ပေးထားခြင်း မရှိသော်လည်း လူသားချင်းစာနာသည့် အနေဖြင့်သော်လည်းကောင်း၊ အထောက်အကူပြုသည့် အနေဖြင့်သော်လည်းကောင်း ဒုက္ခရောက်နေသည့် တိုက်ပွဲရှောင်ပြည်သူများကို သွားရောက်ကူညီရမည့်တာဝန်မှာ မိမိတို့တွင်လည်း ရှိပါကြောင်း၊ ယခုတစ်ခေါက် မိမိတို့ ရခိုင်ခရီးစဉ်တွင် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်လေးမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများသို့ တိုက်ရိုက်ကူညီမှုများပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မေ ၁၀ ရက်တွင် ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများနှင့် တွေဆုံမည်ဖြစ်ပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)