နေပြည်တော် ၉ မေ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မေ (၈)ရက်၊ ညနေပိုင်းတွင် Parkroyal Hotel၊ နေပြည်တော်၌ ကျင်းပသော ဒုတိယအကြိမ် ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါများ ကာကွယ်ရေးစီမံချက်၏ ဒုတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ၏ အလုပ်သဘောညစာစားပွဲသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးက အလုပ်သဘောညစာစားပွဲတွင် ပြောကြားရာ၌ ကမ္ဘာ့အဆင့်ဆေးပညာရှင်ကြီးများ ပါဝင်တက်ရောက်သည့် ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါများ ကာကွယ်ရေးစီမံချက်၏ အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ကလေးအရွယ် ကင်ဆာရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် လွန်စွာအရေးကြီးပါကြောင်း။
ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသော ဘက်ပေါင်းစုံ ပေါင်းစပ်ဆောင်ရွက်ခြင်းပုံစံဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများ ကြွယ်ဝလာခြင်းဖြင့် ရောဂါ၏ ကနဦးလက္ခဏာများကို သိရှိကာ စောစီးစွာစစ်ဆေး၍ ကုသမှုခံယူနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေး သတင်းအချက်အလက်စနစ်ကိုလည်း ပိုမိုအားကောင်းခိုင်မာစေရေးနှင့် ကင်ဆာရောဂါ မှတ်ပုံတင်စနစ်ကိုလည်း ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကင်ဆာရောဂါဆိုင်ရာ ကျန်းမာရေး သတင်းအချက်အလက်များမှတစ်ဆင့် ဖြစ်ပွားမှုများပြားသော ကင်ဆာရောဂါအမျိုးအစား၊ နေရာဒေသအလိုက် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားမှု စသည်တို့ကို တိကျစွာသိရှိနိုင်ရာဆေးဝါးနှင့် ဆေးပစ္စည်းဝယ်ယူမှု၊ ဘဏ္ဍာငွေခွဲဝေမှုတို့အပါအဝင် စီမံခန့်ခွဲမှုနှင့် စီမံချက်ရေးဆွဲမှုတို့ကိုများစွာ အထောက်အကူပြုနိုင်ပါကြောင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲကြီးမှ ကလေးအရွယ်ကင်ဆာရောဂါဆိုင်ရာ နေပြည်တော် အဓိဋ္ဌာန်ဆုံးဖြတ်ချက်ကို ချမှတ်သွားမည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြမှုများနှင့် ဆွေးနွေးအကြံပြုချက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ကင်ဆာရောဂါ ဆေးပညာရှင်များနှင့် ကလေးအထူးကုဆရာဝန်များထံသို့ ဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးကင်ဆာရောဂါများ ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြင့်ကာ အောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အမေရိကန်နိုင်ငံ St. Jude Children’s Research Hospital မှ Executive Vice-president Dr. Carlos Rodriguez-Galindo က ဝမ်းမြောက်ကြိုဆိုစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကလေးကင်ဆာရောဂါများဆိုင်ရာ မှတ်တမ်းရုပ်သံ “How I live” ကို ပြသသည်။
ဒုတိယအကြိမ် ကလေးအရွယ်တွင်ဖြစ်သော ကင်ဆာရောဂါများ ကာကွယ်ရေးစီမံချက်၏ ဒုတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ၏ ပထမနေ့ကိုမေလ (၈)ရက်နေ့တွင် Summit Parkview Hotel၊ ရန်ကုန်တွင် ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို မေလ (၉)ရက်နေ့၊ ယနေ့နံနက်ပိုင်းတွင် Parkroyal Hotel ၌ စတင်ကျင်းပခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများ၊ ဆေးပညာရှင်ကြီးများ၊ သူနာပြုများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပေးပညာရှင်များနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်) ရှိ WHO collaborating center for childhood cancer မှ အကြံပေးပညာရှင်၊ St. Jude Children’s Research Hospital မှ အထူးကုဆရာဝန်ကြီးများ၊ ဆေးပညာရှင်ကြီးများ၊ သူနာပြုများနှင့် တာဝန်ရှိသူများ၊ World Child Cancer အဖွဲ့မှ တာဝန်ရှိသူများ၊ City Cancer Challenge - Asia၊ International Society of Paediatric Oncology (SIOP PODC)၊ ဟောင်ကောင် PKW Foundation၊ စင်ကာပူနိုင်ငံ KK Women's and Children's Hospital၊ National University Hospital နှင့် Viva foundation၊ ဖိလစ်ပိုင်နိုင်ငံ Philippine General Hospital၊ ဂျပန်နိုင်ငံ National center for global health and National center for global health and medicine တို့မှ ဆေးပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
(သတင်းစဉ်)