ရန်ကုန် ၉ မေ
၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့ ပွဲစဉ် (၈) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ မြဝတီနှင့် အား/ကာသိပ္ပံအသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။
တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် မြဝတီအသင်းက YREO အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ YREO အသင်း၏ ရုန်းကန်မှုကြောင့် လက်ရှိချန်ပီယံ မြဝတီအသင်းသည် ပထမပိုင်းတွင် ရုန်းကန်ခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ဂိုးများထပ်သွင်းကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ လက်ရွေးစင် ကစားသမားများဖြစ်သည့် ဝင်းသိဂီထွန်း၊ ခင်သန်းဝေ၊ မေဇင်နွယ်၊ ရူပါခိုင်တို့ ပါဝင်လာသည့် မြဝတီအသင်းနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲအောင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းမှ ကစားသမားဖြစ်သည့် ဇွန်ယုယဦး၊ ပုံ့ပုံ့ပြည့်မောင်၊ မြတ်နိုးခင်၊ နွယ်နီဝင်း၊ ဖြုဖြူဝင်းတို့ ဦးဆောင်လာသည့် YREO အသင်းတို့၏ အားပြိုင်မှုဖြစ်ပြီး အတွေ့အကြုံသာသည့် မြဝတီအသင်းက အနိုင်ရသွားခြင်းဖြစ်သည်။ မိနစ် ၂၀ တွင် မြတ်နိုးခင်က YREO အသင်းအတွက် ဂိုးစတင်သွင်းသော်လည်း မြဝတီအသင်းက ပထမပိုင်းပြီးခါနီးမှစတင်ကာ ဂိုးများဆက်တိုက်ပြန်သွင်းခဲ့သည်။ မြဝတီအသင်းအတွက် ချေပဂိုးကို ၄၃ မိနစ်တွင် မေသူကျော်က သွင်းယူပြီး အနိုင်ဂိုးများကို ၄၄ မိနစ်တွင် ရုပါခိုင်၊ ၅၁၊ ၅၆၊ ၈၉ မိနစ်တွင် ဝင်းသိဂီထွန်းတို့က သွင်းယူသည်။ YREO အသင်းအတွက် ဒုတိယဂိုးကို ၈၈ မိနစ်တွင် ပုံ့ပုံ့ပြည့်မောင်က သွင်းယူခဲ့သည်။
အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ဇွဲကပင်အသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ခြေအသာဖြင့် ကစားကာ ၁၂ မိနစ်တွင် ခင်မာလာထွန်း၊ ၁၄၊ ၆၆ မိနစ်တွင် နုနု၊ ၅၇ မိနစ်တွင် မေဖူးကို၊ ၆၇ မိနစ်တွင် ရီရီဦးတို့က သွင်းယူခဲ့သည်။ မေ ၇ ရက်က ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက တက္ကသိုလ်အသင်းကို ရှစ်ဂိုး-တစ်ဂိုး၊ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းက ဂန္ဓမာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၈) အပြီးတွင် မြဝတီအသင်းက ၂၂ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး အား/ကာသိပ္ပံနှင့် သစ္စာအားမာန်အသင်းက ၁၉ မှတ်စီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းက ၁၄ မှတ်၊ YREO အသင်းက ၁၀ မှတ်၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ ဂန္ဓမာအသင်းက သုံးမှတ်ရထားပြီး တက္ကသိုလ်အသင်းမှာမူ ရှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်