မောင်စာဂ

 

ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင်အကျင့်စာရိတ္တပြုပြင်ရေးမူသည် တရားစီရင်ရေး ဆိုင်ရာ သ တ္တမမြောက် အခြေခံမူဖြစ်သည်။ တရား စီရင်ရေးဆိုင်ရာ အခြေခံမူ (၇) ချက်၏ နောက်ဆုံးအခြေခံမူလည်းဖြစ်သည်။ နောက်ဆုံးပိတ်အိတ်နှင့်လွယ်ဆိုသကဲ့သို့ အဓိကသော့ချက်ကျသည့် အခြေခံမူဟုလည်းဆိုနိုင်သည်။ အနှစ်ချုပ်မျှဝေပါရစေ။

 

ပြစ်ဒဏ်ပေးခြင်း၏ ဦးတည်ချက်

ရှေးနှစ်ပေါင်းများစွာ ရောမခေတ်အချိန်ကာလက ဟန်မူရာ ဘီ၏ ကိုဓဥပဒေ ရှိခဲ့ဖူးသည်။ ယင်း ကိုဓဥပဒေအရ ပြစ်မှုကျူးလွန်သူကို အပြစ်ပေးရာ၌ လက်တစ်ဖက်ပြတ်သွားလျှင် ပြစ်မှုကျူးလွန်သူ၏ လက်တစ်ဖက်ကို ပြန်၍ဖြတ်သည်။ ခြေတစ်ဖက် ကျိုးသွားလျှင် ပြစ်မှုကျူးလွန်သူ၏ ခြေတစ်ဖက်ပြန်၍ ချိုးပစ်သည်။ မျက်လုံးတစ်လုံး ကန်းသွားလျှင် ပြစ်မှုကျူးလွန်သူ၏ မျက်လုံးတစ်လုံးကို ပြန်၍ဖျက်ဆီးပစ်သည်။ ကလဲ့စားချေသည့် ပြစ်ဒဏ်မျိုး ချမှတ်စီရင်ခဲ့သည်။

နောက်ပိုင်းတွင် လူ့ဘောင်လောက ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ပြစ်မှုကျူးလွန်သူကိုနောက်ထပ်ပြစ်မှုများ ထပ်မံမကျူးလွန်နိုင်စေရန်ဟန့်တားလောက်သော ပြစ်ဒဏ်များ၊ နောင်ကြဉ်စေလောက်သောပြစ်ဒဏ်များ၊ ထိရောက်စေသော ပြစ်ဒဏ်များ ချမှတ်လာခဲ့သည်။ ထိုမှတစ်ဖန် ပြစ်မှုနှင့်ပြစ်ဒဏ်မျှတရေး ရည်ရွယ်လာခဲ့သည်။ ပြစ်ဒဏ်မှလွတ်မြောက်လာသည့်အခါ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့လာနိုင်စေရေး ရှေးရှုလာ ခဲ့သည်။ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်လာခဲ့သည်။

 

အကျင့်စာရိတ္တ ပြုပြင်ရေးဟူသည်

ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင်အကျင့်စာရိတ္တပြုပြင်ရေး ဆိုသည့် အနှစ်ချုပ်သဘောမှာ ပြစ်မှုကျူးလွန်သူတစ်ဦးအား ပြစ်ဒဏ်ကို ကျခံပြီး နောက် ၎င်း၏ အကျင့်စာရိတ္တ ဆိုးရွားမသွားစေလိုပါ။ ၎င်း၏ အကျင့်စာရိတ္တကို ပြုပြင်စေနိုင်ရမည်။ လူနေမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ခေါင်းမော့နိုင်ကာ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး ဆောင်ရွက်ရာ တွင်အင်အားတစ်ရပ်အဖြစ် အသစ်တစ်ဖန်ဖြစ်ထွန်းနေစေ လိုခြင်းဖြစ်သည်။

 

ပြစ်ဒဏ်များသတ်မှတ်ထားခြင်း

ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်များချမှတ်ရာ၌ ဆိုဆုံးမ၍လွှတ်ခြင်း၊ ခံဝန်ဖြင့် လွှတ်ခြင်း၊ ကြိမ်ဒဏ်၊ ငွေဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ်နှင့် ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊ ထောင်ဒဏ်တစ်သက်နှင့်သေဒဏ်ဟူ၍ ပြစ်ဒဏ်အမျိုး မျိုးရှိသည်။

မြန်မာနိုင်ငံတွင် ကြိမ်ဒဏ်ဥပဒေဟူ၍ ရှိခဲ့သောလည်း ယခုအခါ ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်းခံရသူကို ယခင်က ကိုကိုးကျွန်းသို့ ပို့ထားစေခဲ့သည်။ နောက်ပိုင်းတွင်အင်းစိန်အကျဉ်းထောင်တွင် ထားရှိသည်။ ယခုအခါတွင် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ပယ်ဖျက်၍ ယင်းပြစ်ဒဏ်အစား ထောင်ဒဏ်နှစ် ၂၀ ဟူ၍ ပြင်ဆင်ခဲ့သည်။ သေဒဏ်မှာ အတည်ဖြစ်လျက်ရှိသည်။ သို့ရာတွင် သေဒဏ်အမိန့်ကို အတည်ပြုဆောင်ရွက်ခဲ့ခြင်းမရှိသည်မှာ ဆယ်စုနှစ်မက ရှိခဲ့ပြီဖြစ်သည်။ သေဒဏ်အမိန့်ချမှတ်ခြင်းခံရသူကို အကျဉ်းထောင်မှာပင်ထားရှိသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူတစ်ဦးကို လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်မျိုး ချမှတ်ရန် မလိုလားကြပါ။ ၂၀ဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄ တွင် လူသိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့်မရှိစေရဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။

အကျင့်စာရိတ္တဦးတည်ရာရောက်စေသည့်ပြစ်ဒဏ်ပြဋ္ဌာန်းချက်ပြစ်မှုကျူးလွန်သူသည် အသက်နှစ်ဆယ့်တစ်နှစ်ထက် မငယ်သူလည်းဖြစ်ပြီး ကျူးလွန်သည့် ပြစ်မှုမှာ ထောင်ဒဏ်ခုနစ်နှစ်ထက်မပိုသော ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုမျိုးဖြစ်ခဲ့သော် သို့မဟုတ် ပြစ်မှုကျူးလွန်သူသည် အသက်နှစ်ဆယ့်တစ်နှစ်ထက်ငယ်သူ သို့မဟုတ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျူးလွန်သည့်ပြစ်မှုမှာ သေဒဏ် သို့မဟုတ် ထောင်ဒဏ် အနှစ် ၂၀ မထိုက်သည့် ပြစ်မှုမျိုးဖြစ်ခဲ့သော် ထိုပြစ်မှုကျူးလွန်သူသည်ယခင်ကလည်း ပြစ်မှုထင်ရှားစီရင်ခံခဲ့ဖူးသူ မဟုတ်ခဲ့သော် တရားရုံးသည် ထိုသူ၏ အသက်၊ အကျင့်စာရိတ္တ၊ ယခင်က အခြေအနေများနှင့် ပြစ်မှုကျူးလွန်ရင်း အကြောင်းအချက်များကို ထောက်ထား၍ ပြစ်မှုကျူးလွန်သူအပေါ် ချက်ချင်း ပြစ်ဒဏ်တစ်ရပ် ချမှတ်မည့်အစား ဆင့်ဆိုသည့်ကာလ (သုံးနှစ်ထက်မပိုသည့်) အတွင်း တရားရုံးက ညွှန်ကြားသည့်အခါ တရားရုံးသို့ရောက်ရှိ၍ ပြစ်ဒဏ်ချမှတ်ခြင်းကို လက်ခံပါမည်၊ ထို့ပြင် ထိုကာလအတွင်း ငြိမ်းချမ်းစွာနှင့် ကောင်းမွန်စွာနေထိုင်ပါမည်ဟူ၍ အာမခံသူများပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ခံဝန်ချုပ်ဆိုစေလျက် ၎င်းအား လွှတ်စေရန် ညွှန်ကြားနိုင်သည်။ [ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၆၂ (၁)]

 

သူတစ်ဦးအပေါ် ခိုးမှု၊ အဆောက်အအုံအတွင်းခိုးမှု၊ စာရေး သို့မဟုတ် အစေခံက ခိုးမှု၊ မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုမှု၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ လိမ်လည်မှု၊ သို့မဟုတ် ရာဇသတ်ကြီးအရ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ထိုက်သည့် ပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ရန်ရှိသည့်အမှုမျိုးတွင် ပြစ်မှုကျူးလွန်သူသည် ယခင်က ပြစ်မှုထင်ရှား စီရင်ခြင်းခံရဖူးသူမဟုတ်လျှင် တရားရုံးသည် ထိုသူ၏ အသက်၊ အကျင့်စာရိတ္တ၊ ယခင်က အခြေအနေများ၊ ကိုယ်ခန ̈ာ သို့မဟုတ် စိတ်ဓာတ်အခြေအနေနှင့် ပြစ်မှု၏သေးငယ်မှု သို့မဟုတ် ပြစ်ဒဏ်လျှော့ပေါ့ရန် အကြောင်းအချက်များကို ထောက်ထား ၍ ထိုသူအား ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်မည့်အစား ထိုသူကိုနည်းလမ်းတကျဆိုဆုံးမ၍ လွှတ်နိုင်သည်။ [ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ (၁က)

 

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ (၁) နှင့် ၅၆၂ (၁က) တို့ပါ ပြဋ္ဌာန်းချက်များတွင် အကျုံးမဝင်သောကိစ္စရပ်များ၌ တရားသူကြီး၏ ဆင်ခြင်တုံတရားအရ အကျင့်စာရိတ္တ ဦးတည်ရာရောက်စေသည့် ပြစ်ဒဏ်ကိုချမှတ်ကြရသည်။

 

ပြစ်ဒဏ်စီရင်သတ်မှတ်ခြင်း၏ အကျိုးသက်ရောက်မှု

ပြစ်မှုကျူးလွန်သူတစ်ဦးကို အရေးယူအပြစ်ပေးရာ တွင် ချမှတ်လိုက်သည့်ပြစ်ဒဏ်၏ အကျိုးသက်ရောက်မှုသည် သက်ဆိုင်ရာပြစ်မှုကျူးလွန်သူအပေါ်တွင်သာ အကျိုးသက်ရောက်သည်မဟုတ်၊ ပြည်သူအများအပေါ်တွင်ပါ အကျိုးသက်ရောက်မှုဖြစ်စေသည်။ ပြစ်ဒဏ် နည်းလွန်းနေလျှင် ပြည်သူတွေအလွယ်တကူပြစ်မှုကျူးလွန်ချင်လာအောင် လှုံ့ဆော်နှိုးဆွပေးသကဲ့သို့ဖြစ်စေတတ်သည်။ တရားဥပဒေ ပျက်ပြား ရေးသို့ ရောက်သွားတတ်သည်။ အကျင့်စာရိတ္တပြုပြင်ပေးရာမရောက်။ ပြစ်ဒဏ်သည် ပြစ်မှုနှင့်ပြစ်ဒဏ်မျှတ၍ ပြစ်မှုကျူးလွန်သူအဖို့ နောင်ကြဉ်ဟန့်တားစေနိုင်သည့် ပြစ်ဒဏ်မျိုးဖြစ်လျှင် ပြည်သူများကိုလည်း ထိုပြစ်မှုမျိုး မကျူးလွန်ဖို့ ကာကွယ်တားဆီးပြီးဖြစ်သွားစေတတ်သည်။ တရားဥပဒေစိုးမိုးရေး သို့ဦးတည်သည်။ အကျင့်စာရိတ္တ ပြုပြင်ရာရောက်သည်။ သာဓကတစ်ရပ်ထုတ်နုတ်ပြရသော် သက်ငယ်မုဒိမ်းမှုများတွင် ချမှတ်သောပြစ်ဒဏ် နည်းပါးနေလျှင်ကျူးလွန်သူတွေများပြားလာစေသည်။ ချမှတ်သောပြစ်ဒဏ် ထိရောက်ဟန့်တားစေသည့် ပြစ်ဒဏ်မျိုးဖြစ်လျှင် ထိုပြစ်မှုမျိုးကျူးလွန်လိုသူများအား ကာကွယ်တားဆီးပြီး ဖြစ်နေသကဲ့သို့ အကျိုးသက်ရောက်မှုဖြစ်စေသည်။

 

အကျင့်စာရိတ္တ ပြုပြင်ရေးဆီသို့

အကျင့်စာရိတ္တ ပြုပြင်ရေးပြစ်ဒဏ်ဖြစ်ဖို့ဆိုလျှင်ဘက်ပေါင်းစုံမှကြည့်ရသည်။ ပြစ်မှုကျူးလွန်သူ၏ အသက်၊ ၎င်း၏နောက်ကြောင်းရာဇဝင်၊ လက်ရှိ အခြေအနေ၊ နောက်ထပ် ဤပြစ်မှုမျိုး ကျူးလွန်နိုင်ဖွယ် ရှိ၊ မရှိ စသည် ထည့်သွင်းစဉ်းစားရသည်။ ထို့ပြင် ကျူးလွန်သည့်ပြစ်မှုအမျိုးအစား၊ ကျူးလွန်သည့် အတိမ်အနက်နှင့် အတိုင်းအတာ၊ ကျူးလွန်ရခြင်း၏ အကြောင်းရင်း အခြေခံ၊ ကျူးလွန်ပုံကျူးလွန်နည်း၊ တစ်ယောက်တည်း ကျူးလွန်သည်လား၊ ဂိုဏ်းဖွဲ့ကျူးလွန်သည်လားစသည်ပေါင်းစပ် သုံးသပ်ရသည်။

တစ်ခါတစ်ရံ အနည်းငယ်သော ပြစ်ဒဏ်ချမှတ်ရုံဖြင့် အကျင့်စာရိတ္တပြုပြင်ရာ ရောက်သည်။ တစ်ခါတစ်ရံတွင် ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်မှ အကျင့်စာရိတ္တ ပြုပြင်ရာရောက်သည်။ တစ်ဖက်တွင်လည်း ပြစ်မှုနှင့်ပြစ်ဒဏ် မျှတဖို့လိုသည်။ ပြစ်မှုကျူးလွန်သူဘက် တစ်ဖက်တည်းကိုကြည့်ပြီး အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ကြည့်၍မရ။ တစ်ဖက်ကနစ်နာသည့်ပုဂ္ဂိုလ်၊ သို့မဟုတ် နိုင်ငံတော်မျက်နှာကိုလည်း ကြည့်ရသည်။ တရားဥပဒေစိုးမိုးရေးထိခိုက်သွားနိုင်သည်ကိုလည်း သတိမူအလေးထားရသည်။ ဤသည်မှာ သိမ်မွေ့သည်၊ နက်နဲသည်။ တရားသူကြီးများ၏ ဆင်ခြင်တုံတရားသည် ဗဟိုချက်မ၊ အဓိကဖြစ်နေ သည်။

 

ထာဝစဉ်ရှင်သန်နိုင်ပါစေ

တရားစီရင်ရေးဆိုင်ရာ အခြေခံမူ ခုနစ်ချက်ရှိသည့်အနက် သတ္တမမြောက် အခြေခံမူဖြစ်သည့် ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် အကျင့်စာရိတ္တပြုပြင်ရေးမူသည် နောက်ဆုံးအခြေခံမူဖြစ်သကဲ့သို့ အဓိကအကျဆုံးအခြေခံမူလည်း ဖြစ်သည်။ သိမ်မွေ့သောအခြေခံမူ၊ နက်နဲသောအခြေခံမူဟုလည်း ဆိုနိုင်သည်။ ဤမူကို အစဉ်သဖြင့် နှလုံးသွင်းလျက် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် ထာဝရ တည်တံ့နေအောင် ထိန်းသိမ်းစောင့်ရှောက်ကြ ရန်လိုအပ်သည်။ ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာတွင် ပြစ်မှုကျူးလွန်သူ၏ အကျင့်စာရိတ္တပြုပြင်ရာရောက်စေမည့်အပြင် အများပြည်သူတို့၏ ကိုယ်ကျင့်တရားကိုလည်း ထိန်းသိမ်းဆင်ခြင်၊ ကောင်းမွန်ဖြစ်ထွန်းစေမည်ဆိုလျှင် ရပ်ရွာအေးချမ်းမည်၊ တရားဥပဒေစိုးမိုးမည်၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မည်၊ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မည်။ ဤသို့ဖြင့် ပြစ်မှုကျူးလွန်သူကို အရေးယူအပြစ်ပေးရာ တွင် အကျင့်စာရိတ္တပြုပြင်ရေး အခြေခံမူ ထာဝစဉ်ရှင်သန်နေစေလိုကြောင်းပါ

-ပြစ်မှုနှင့်ပြစ်ဒဏ်မျှတပြီးချမှတ်သောပြစ်ဒဏ်များ

- ပြစ်မှုနှင့်ပြစ်ဒဏ်မျှတပြီး ချမှတ်သော ပြစ်ဒဏ်များ အကျင့်စာရိတ္တပြုပြင်ရာရောက်ပါစေ၊အကျင့်စာရိတ္တပြုပြင်ရာ ရောက်ပါစေ၊

-တရားဥပဒေစိုးမိုးရေးကိုဦးတည်နိုင်ပါစေ၊

- တရားဥပဒေစိုးမိုးရေးကို ဦးတည်နိုင်ပါစေ၊

-တရားစီရင်ရေးဆိုင်ရာအခြေခံမူများထာဝစဉ်- တရားစီရင်ရေးဆိုင်ရာ အခြေခံမူများ ထာဝစဉ်ရှင်သန်နိုင်ပါစေ။

 

455