မြိတ်  ၁၀  မေ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ကျောက်ဖျာမြို့သစ်စီမံကိန်းတွင် ပါဝင်ခဲ့သည့် နည်းပညာတက္ကသိုလ် (မြိတ်)၏ (၁၀၇.၈၇)ဧကအတွင်းရှိ တောင်သူများနှင့် မြေယာနှင့် သီးနှံလျော်ကြေး တွက်ချက်သတ်မှတ်သည့် အဖွဲ့တို့ မေလ(၉)ရက် နံနက်ပိုင်းတွင် တွေ့ဆုံ၍ မြေယာနှင့်သီးနှံတန်ဖိုး ညှိနှိုင်းဆွေးနွေးခဲ့ကြရာ လျော်ကြေးငွေ မြေတစ်ဧက ကျပ်သိန်း (၁၀ဝ)ဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

 

“ဆွေးနွေးမှုရလဒ်အနေနဲ့  မြေယာနှင့် သီးနှံအပါအဝင် မြေတစ်ဧက  ကျပ်သိန်း(၁၀ဝ)ဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။ အဆင့်ကတော့ နောက်ထပ်နှစ်ဆင့် ကျန်သေးပါတယ်။ နည်းပညာတက္ကသိုလ် မြေယာတွင် ပါဝင်သည့်အိမ်တွေကို လျော်ကြေးနစ်နာကြေးပေးဖို့နှင့် သူတို့ကို အစားထိုးမြေနေရာအဖြစ် တက္ကသိုလ် မြေထဲမှ ဧက(၂၀)ပြန်စွန့်ပေးဖို့ရှိပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကော်မတီတွေဖွဲ့ပြီး  လုပ်သွားဖို့ရှိပါတယ်” ဟု နည်းပညာတက္ကသိုလ်(မြိတ်) ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းက ပြောသည်။

 

ညိနှိုင်းဆွေးနွေးရာတွင် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်း၊ မြေယာနှင့်သီးနှံ လျော်ကြေး တွက်ချက်သတ်မှတ်သည့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်ရှိ ဆရာသမဂ္ဂ၊ ကျောင်းသား သမဂ္ဂဝင်များ၊  တက္ကသိုလ်၏ မြေဧရိယာအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြရာ တောင်သူများ၏ဆန္ဒများ ဆွေးနွေးတင်ပြခဲ့ကြပြီး မြေယာနှင့် သီးနှံလျော်ကြေး တွက်ချက် သတ်မှတ်သည့်အဖွဲ့မှ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပြန်လည်ပြောကြားဆွေးနွေးခဲ့သည်။

 

“ အခုလက်ရှိနေနေတာကတော့ မိဘမြေတစ်ဧကမှာ အိမ်ထောင်ပြုပြီး သူ့အိမ်ကိုယ့်အိမ် ဝိုင်းစုနေကြပါတယ်။ ဒီမှာနေနေရတာ ကျောလည်းမလုံဘူး။ ဘယ်အချိန်ပြောင်းလို့ပြောမလဲစိတ်ပူနေရတယ်။ အိမ်ပြန်ဆောက်ဖို့ မြေတစ်ကွက်ပြန်ပေးပြီး အိမ်ဖြိုတဲ့နစ်နာကြေးပေးယ်ဆိုတဲ့အတွက် ကျေနပ်ပါတယ်။ ကိုယ့်မြေ ကိုယ်အိမ် နေရာတကျချပေးမယ်ဆိုတော့ ဝမ်းသာပါတယ်” ဟု  တက္ကသိုလ်မြေဧရိယာတွင် ပါဝင်သော ဒေါ်အေးအေးမွန် က ပြောသည်။

 

ကျောက်ဖျာမြို့သစ်စီမံကိန်းတွင် ပါဝင်ခဲ့သည့် နည်းပညာတက္ကသိုလ်(မြိတ်) မြေနေရာ လျော်ကြေးကိစ္စနှင့် ပတ်သက်၍ ကော်မတီနှင့်တောင်သူများ တွေ့ဆုံဆွေးနွေးမှုရလာဒ်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပြီး မှတ်တမ်းတင် အတည်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

IMG_7