ဝါးခယ်မ ၁၀ မေ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်နှင့် စာပေချစ်သူ အဖွဲ့ဝင် ဒေါ်ဝါဝါမိုးတို့က ကမ္ဘာ့ရာသီဥတု ရုတ်ခြည်းပြောင်းလဲမှုကြောင့် မမျှော်မှန်းနိုင်သည့် ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိရာ အပူချိန်မြင့်တက်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် ကျန်းမာရေးဆိုင်ရာများ၊ အပူဒဏ်အား ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များ၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်းတို့ကို ကလေးငယ်များ နားလည်လွယ်အောင် ဥပမာများနှင့်တကွ ဆွေးနွေးပြောကြားပေးသည်။
ဟောပြောပွဲသို့ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိတ်သတ် ကလေးငယ်များ တက်ရောက်ခဲ့ရာ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ကြပြီး အပူဒဏ် ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)