မယ်စဲ့ ၁၀ မေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသန့်က အမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများ မြေမြှုပ်မိုင်းအန္တရာယ်၊ ပေါက်ကွဲနိုင်သော စစ်လက်နက်ကျန်ပစ္စည်းများ၏ ခြိမ်းခြောက်မှုအန္တရာယ်များမှ ကင်းဝေးစေပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ဖြစ်လာစေရေးအတွက် ယခုလိုအလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ပျော်ရွှင်သာယာသော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်လာစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ဒိန်းမတ်လူ့အဖွဲ့အစည်းမှ စီမံကိနိး ညှိနှိုင်းရေးမှူး ဒေါ်မာရီလေးက ဒိန်းမတ်လူ့အဖွဲ့အစည်း (DRC/DDG) က ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါအဖွဲ့အစည်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများအပြင် ၂၀၁၇ခုနှစ်မှစတင်၍ ကိရိယာအကူအညီမပါသော စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာ(၆၀)တွင် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှ စတင်ပြီး ဘောလခဲနှင့် မယ်စဲ့မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး အလုပ်ရုံဆွေးနွေးပွဲသို့ မယ်စဲ့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စုစုပေါင်း၂၅ ဦးတက်ရောက်ပြီး တစ်ရက် ကြာဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)