နေပြည်တော် ၁၀ မေ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Golden Myanmar Butterfly Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံသားဧည့်သည် (၂) ဦးသည် ၂၀၁၉ ခုနှစ် ဧပြီလ (၆) ရက်နေ့မှ ဧပြီလ (၁၄) ရက်နေ့အထိ မြန်မာရွှေလိပ်ပြာ (၃)အပျော်စီး ရေယာဉ်ဖြင့် မန္တလေး-ဗန်းမော်-ရွှေဂူ-မိုးတား-ကသာ-တကောင်း-ကျောက်မြောင်း-စိန်ပန်းကုန်း- မင်းကွန်း-အင်းဝ-စစ်ကိုင်း-ရန္တပို-ပခုက္ကူ-ပုဂံ-ရန်ကုန် ခရီးစဉ်များသို့လည်းကောင်း၊ ပြင်သစ်နိုင်ငံသား ဧည့်သည် (၂) ဦး သည် ၂၀၁၉ ခုနှစ် ဧပြီလ (၁၆) ရက်နေ့မှ ဧပြီလ (၂၁) ရက်နေ့အထိ မြန်မာ ရွှေလိပ်ပြာ (၃)အပျော်စီးရေယာဉ်ဖြင့် မန္တလေး-စစ်ကိုင်း-အင်းဝ-စိန်ပန်းကုန်း-ကျောက်မြောင်း-တကောင်း-ကသာ-ဗန်းမော်-မန္တလေး ခရီးစဉ်များသို့ လည်ပတ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။
ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယမြစ်ကျဉ်းသဘာဝအလှအပရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှုဓလေ့ စရိုက်နေထိုင်မှုပုံစံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေဝင်ဆည်းဆာ အလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီးစဉ်များကို ပိုမိုတိုးတက်လည်ပတ်လျှက်ရှိကြောင်း သတင်းရရှိသည်။
MDN
