ကျွန်းစု ၁၀ မေ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရဲစခန်းက ယာဉ်အန္တရာယ် လျှော့နည်းပပျောက် စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မော်တော်ယာဉ်များကို စနစ်တကျ မောင်းနှင်စေရေးအတွက် မေလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်ချုပ်လမ်းမကြီး၊ ဘုရင့်နောင်လမ်းဆုံ၌ ဖြတ်သန်းမောင်းနှင်လာသော မော်တော်ယာဉ်များအား ရှောင်တခင်ရပ်တန့်ကာ စစ်ဆေးမှုများ ဆောင်ရွက်သည်။
စစ်ဆေးရာတွင် ကျွန်းစုမြို့နယ်စခန်းမှူး ညွှန့်ဝင်ဦးဆောင်၍ ဒုရဲအုပ် သန်းနုနှင့် တပ်ဖွဲ့ဝင်(၈)ဦးတို့က ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်မောင်းနှင်ခြင်း၊ မောင်းလိုင်စင်၊ ဆိုင်ကယ် လိုင်စင် ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဆိုင်ကယ်အတွင်း မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိ/မရှိ၊ လက်နက်များ ကိုင်ဆောင်ထားမှု ရှိ၊ မရှိတို့ကို ရှောင်တခင် စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် စည်းကမ်းမဲ့မော်တော်ယာဉ်မောင်းနှင်သူ(၁၃)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပေဒအရ မြို့နယ်တရားရုံး၌ ဒဏ်ငွေပေးဆောင်ခြင်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ကျွန်းစုမြို့နယ်ရဲစခန်းမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)