ရန်ကုန် ၁၀ မေ
မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် ဆီးဂိမ်း အီလက်ထရောနစ်အားကစား အခန်းကဏ္ဍတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားကစားသမားများကို လက်ရည်စစ်ပွဲများ ကျင်းပ၍ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကစားသမားများသည် ပြိုင်ပွဲဝင်ကြေးပေးသွင်းရန် မလိုဘဲ မြန်မာ နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ အသက် ၁၈ နှစ် မပြည့်သေးသူများအနေဖြင့်လည်း မိဘအုပ်ထိန်းသူထောက်ခံချက်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်မည့် ကစားနည်း ၆ မျိုးအနက်မှ မြန်မာနိုင်ငံတွင် လူကြိုက် အများဆုံးနှင့် ကစားသမားအင်အားတောင့်တင်းသော ကစားနည်းများဖြစ်သည့် DOTA 2, MLBB, AOV Game အမျိုးအစားများဖြစ်သည်။
"အရင်တုန်းကဆိုရင် Esports ကစားနည်းက သရုပ်ပြကစားနည်းအဆင့်မှာသာရှိပြီးတော့ အခုလာမယ့် ဆီးဂိမ်း ၂၀၁၉ ကနေစပြီးတော့ ဆုတံဆိပ်ပေးအပ်တဲ့ ကစားနည်းတစ်မျိုးအဖြစ် ပါဝင်လာခဲ့တယ်။ အဲဒီအခါ ကျတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေကလည်း အရမ်းကို စိတ်ဝင်စားနေကြပြီး စိတ်လှုပ်ရှားနေကြပြီ။ ဆု တံဆိပ်တွေလည်း ရယူနိုင်ဖို့ အိမ်မက်တွေ မက်နေကြပြီ။ အဲဒါကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာ နိုင်ငံမှာရှိတဲ့ အားကစားကို ဝါသနာပါတဲ့ လူငယ်တွေအားလုံး ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်" ဟု မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ပြိုင်ပွဲတာဝန်ခံနှင့် ပြန်ကြားရေး အရာရှိ ဦးအာကာထက်အောင်က ပြောကြားသည်။
ပြိုင်ပွဲဝင် ကစားသမားများအနေဖြင့် အထက်မြန်မာပြည်- အောက်မြန်မာပြည် လက်ရည်စစ်ပွဲများ ဝင် ရောက်ယှဉ်ပြိုင်ရန်အတွက် ဇွန်လ ၁ ရက်နေ့မှစ၍ စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး စာရင်းပေးသွင်းထား သော ကစားသမားများသည် အထက်-အောက် မြန်မာပြည်လက်ရည်စစ်ပွဲများမှစ၍ ယှဉ်ပြိုင်ရမည်ဖြစ် သည်။ ပြိုင်ပွဲကာလမှာ ၃ လ ကြာမြင့်မည်ဖြစ်ပြီး ဆုကြေးငွေမှာ သိန်း ၁၅၀ ဖြစ်ကြောင်း သိရသည်။
လက်ရည်စစ်ပွဲများတွင် နည်းစနစ်တကျ ယှဉ်ပြိုင်နိုင်ရန် ဖိလစ်ပိုင်ဆီးဂိမ်းကျင်းပရေးကော်မတီနှင့် အာရှ အီ လက်ထရောနစ်အားကစားအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကစားနည်း ဒိုင် လူကြီးများကို ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားများ ရွေးချယ်နိုင်ရန် အဆင့်ဆင့်ဖြတ်သန်းရမည့် လက် ရည်စစ်ပွဲများ စည်းစနစ်တကျ ကျင်းပမည်ဖြစ်ပြီး ဖိလစ်ပိုင်းနိုင်ငံသို့ နောက်ဆုံးပိတ်အပြီးသတ် လူစားရင်း ကို အချိန်မီပေးပို့သွားရမည်ဖြစ်သည်။
၂၀၁၉ ခုနှစ်ဆီးဂိမ်းတွင် ကစားနည်းတစ်ခုအဖြစ် ပါဝင်လာသော Esoprts ပြိုင်ပွဲသည် ယခင်ကဲ့သို့ သရုပ်ပြ အားကစားနည်းတစ်ခုအနေဖြင့် မဟုတ်ဘဲ ဆုတံဆိပ်ပေးအပ်သော ကစားနည်းအဖြစ် ပါဝင်လာခြင်းဖြစ်ပြီး မြန်မာလူငယ်အများစု အားထားကစားကြသော အားကစားနည်းဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဦးတည်ကြိုးစားထားကြောင်း မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ထံမှ သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း