နေပြည်တော် ၁၁ မေ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်မေလ ၉ ရက်နေ့က မကွေးမြို့ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ်အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေးနှင့်ပတ်သက်၍ လမ်းòန်မှာကြားခဲ့သည်။
ပြည်သူ့အစိုးရအနေဖြင့် နိုင်ငံတော်၏တာဝန်စတင်ယူစဉ်ကတည်း က အလုပ်အကိုင်ဖန်တီးရေးကို ပထမဦးစားပေး ရည်မှန်းချက်အဖြစ် သတ်မှတ်ကာ ပြည်သူများ၏ လူမှုစီးပွား မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖြစ်ထွန်းမှုသည် လူမှုဘဝမြင့်မားတိုးတက်စေပြီး ဆင်းရဲမှုကို လျော့ကျစေသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်သူအများစုမှာ ဆင်းရဲနွမ်းပါးကြပြီး ဆင်းရဲနွမ်းပါးသူများမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ကျေးလက်ဒေသနေ ပြည်သူများဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံအဆင့်မှ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နိုင်ငံဖွံ့ဖြိုးခြင်းသည် ဆင်းရဲမှုကို လျှော့ချရန်ဖြစ်သဖြင့် အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဆင်းရဲမှုလျှော့ချရန် ကတိကဝတ်ပြုပြီး ကျယ်ပြန့်သော နည်းဗျူဟာများဖြင့် အကောင်အထည်ဖော်ခဲ့သည်။
ဆင်းရဲမှုကို ၂၀ဝ၅ ခုနှစ်တွင် လူဦးရေ၏ သုံးပုံတစ်ပုံ၊ ၂၀ဝ၉ ခုနှစ်တွင် လူဦးရေ၏ လေးပုံတစ်ပုံ၊ ၂၀၁၅ ခုနှစ်တွင် လူဦးရေ၏ ၂၀ ရာ ခိုင်နှုန်းအောက်အထိ လျော့ကျအောင်ဆောင်ရွက်ခဲ့သည်။ သို့ရာတွင်မြို့ပြနှင့် ကျေးလက်ဆင်းရဲမှု ကွာဟချက်ရှိနေပြီး ၂၀၁၅ ခုနှစ်တွင်မြို့ပြဆင်းရဲမှု ကိုးရာခိုင်နှုန်းနှင့် ကျေးလက်ဆင်းရဲမှု ၂၃ ရာခိုင်နှုန်းရှိနေရာ ပိုမိုတိုးတက်အောင် ဆောင်ရွက်နေသည်။
ဆင်းရဲမှုသည် စီးပွားရေးအခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ နည်းပါးသောကြောင့်ဖြစ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် ရွှေ့ပြောင်းသွားလာခြင်းသည် အဓိကအချက်ဖြစ်သည်။ အလုပ်အကိုင်ရှားပါးသဖြင့် မိမိတို့၏ နေရပ်ကိုစွန့်ခွာပြီး အခြားအရပ်ဒေသများတွင် အလုပ်လုပ်ကိုင်ခြင်းသည် ဖွံ့ဖြိုးမှုနိမ့်ကျခြင်းနှင့် ဆင်းရဲမှုကို ပိုဖြစ်စေသည်
ထို့ကြောင့် နိုင်ငံတော်အစိုးရက ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ကြသူများအပြင် နေရပ်တွင် ကျန်ရှိနေခဲ့သည့် မိသားစုဝင်များ အကျိုးဖြစ်ထွန်းစေရေးအတွက် တရားဝင်၍ အဆင်ပြေ ချောမွေ့မှုရှိပြီး လုံခြုံစိတ်ချမှုရှိသော ရွှေ့ပြောင်းသွားလာမှု ဖြစ်စေရေးကို ဆောင်ရွက်ပေးနေသလို နိုင်ငံတစ်ဝန်းလုံးတွင် လူမှုစီးပွား မြင့်မားတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် အခြေခံ အဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖန်တီးဆောင်ရွက်ပေးလျက်ရှိပါသည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် နယ်မြေဒေသများမှ ဒေသခံပြည်သူများ ဘဝရပ်တည် ရှင်သန်ရေးအတွက် နေရပ်စွန့်ခွာ အလုပ်လုပ်ကိုင်နေရမှုများကို စာနာထောက်ထားပြီး မိသားစုများ တစ်ပေါင်းတစ်စည်းတည်းအားဖြင့် ကိုယ့်မြို့ကိုယ့်ရွာများတွင် အလုပ်လုပ်ကိုင်နိုင်ရေး နည်းလမ်းများကို လမ်းမှန်ညွှန်ပြပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရက အခွင့်အလမ်း တိုးတက်ရေးအတွက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေး အကောင်အထည်ဖော်နေသည်
ယခုအခါ နိုင်ငံတစ်ဝန်းတွင် လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်လာပြီး လျှပ်စစ်မီးရရှိရေးကို နိုင်ငံတစ်ဝန်းလုံး လွှမ်းခြုံမိစေရန် စီမံကိန်း နှစ်အလိုက် ဆောင်ရွက်နေသည်။ ဆက်လက်၍ နယ်မြေဒေသများအတွင်း စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာအောင် လမ်းဖွင့်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလာမည့်အခြေအနေများ ပေါ်ထွန်းလာမည်ဖြစ်သည်။
သို့ဖြစ်ရာ ဒို့မြို့၊ ဒို့ရွာမှာ အလုပ်အကိုင်များ ပေါများပါသည်ဟု ဆိုကြရအောင် အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် နိုင်ငံတော်အစိုးရက ဖန်တီးပေးနေသော အခြေအနေကောင်းများကို ရယူအသုံးချ၍ ရင်းနှီးမြှုပ်နှံမှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်တိုးတက်အောင် ကြိုးပမ်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်သူများအပေါ် ထားရှိသည့် မျှော်မှန်းချက်ကို လက်တွေ့ အကောင်အထည်ပေါ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ